အိန္ဒိယလဆင်းယာဉ် လက်ရှိအချိန်ထိ ပြန်လည်နိုးထလာခြင်း မရှိသေး
လရဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကို ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ ချန်ဒရာယန် – ၃ အာကာသယာဉ်ဟာ Sleep-mode အခြေအနေကနေ လက်ရှိအချိန်ထိ မနိုးသေးဘူးလို့ မစ်ရှင်အေဂျင်စီ ISRO က ပြောဆိုပါတယ်။
ချန်ဒရာယန် – ၃ ဟာ အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း (ISRO) ကနေ ပြုလုပ်တဲ့ လကမ္ဘာလေ့လာရေးမစ်ရှင်တစ်ခုဖြစ်ပြီး ဩဂုတ်လ ၂၃ ရက်နေ့က လပေါ်ကို ဆင်းသက်နိုင်ခဲ့တာပါ။ ချန်ဒရာယန်မှာ လဆင်းယာဉ်နဲ့ လသွား ရိုဗာ နှစ်စင်းပါဝင်ပြီး ဒီယာဉ်တွေအကုန်လုံး သူတို့ရောက်ရှိတဲ့ အချိန်က စပြီး သုတေသနလုပ်ငန်းတွေကို လပေါ်မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က စပြီး သူတို့ရောက်နေတဲ့ လကမ္ဘာဘက်ခြမ်းမှာ နေရောင်မရရှိတော့တာကြောင့် ဆိုလာအခြေပြု အလုပ်လုပ်တဲ့ ဒီယာဉ်နှစ်စင်းလုံး sleep-mode ဖြစ်သွားခဲ့ရပါတယ်။ ချန်ဒရာယန်ယာဉ်တွေဟာ ရေတိုသက်တမ်းအတွက် ရည်ရွယ်ဆောက်လုပ်ထားတာ ဖြစ်လို့ Sleep-mode အနေနဲ့ ဖြတ်သန်းမှပဲ နေရောင်မရတဲ့အချိန် ပါဝါစားသုံးမှု လျော့နည်းပြီး သက်တမ်းကြာရှည်ခံမှာပါ။
လရဲ့ မျက်နှာပြင်ဘက်ခြမ်းက ၁၄ ရက်တိတိ နေရောင်မကျရောက်တော့မှာ ဖြစ်လို့ လုပ်ငန်းဆောင်တာတွေ အားလုံးကို ရပ်ပြီး ယာဉ်နှစ်စင်းလုံးကို ၁၄ ရက်တာ ကာလ Sleep-mode ထားခဲ့တာဖြစ်ပါတယ်။ အာကာသအေဂျင်စီအနေနဲ့လဲ ဒီယာဉ်တွေရှိတဲ့ လဘက်ခြမ်းပေါ် နေရောင်ပြန်ကျချိန် စက်တင်ဘာ ၂၂ ရက်နေ့ကျရင် ပြန်လည်နိုးလာမယ်လို့ မျှော်လင့်ထားပေမဲ့ လက်ရှိအချိန်အထိ နိုးလာခြင်း မရှိသေးပါဘူး။ ISRO ရဲ့ ပြောကြားချက်အရ လဆင်းယာဉ် ဗစ်ခ်ရန်နဲ့ လသွား ရိုဗာ ပရက်ဂ်ယန် နှစ်စင်းလုံးဆီကနေ အချက်ပြမှုတွေ မရသေးတာဖြစ်လို့ သူတို့မျှော်လင့်ထားသလို စက်တွေပြန်နိုးလာမဲ့ အခြေအနေကလဲ အချိန်တွေ ကုန်လာတာနဲ့ အမျှ တဖြည်းဖြည်း လျော့နည်းလာပြီလို့ ဆိုပါတယ်။
ပညာရှင်တွေတချို့က ချန်ဒရာယန်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ အီလက်ထရောနစ် စက်ပစ္စည်းတွေဟာ လပေါ်က အလွန်အင်မတန်အေးလှတဲ့ အပူချိန်ကို ခံနိုင်ရည်မရှိဘူးလို့ ပြောပါတယ်။ လပေါ်က ညအချိန်ဟာ ဘယ်လိုအလင်းရောင်မှမရှိတဲ့ အပြင် အပူချိန်ကလဲ အနုတ် ၂၀၀ ဒီဂရီခန့်ကို ထိုးဆင်းသွားတာကြောင့် ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ အီလက်ထရောနစ် စနစ်တွေ ပျက်စီးသွားနိုင်ချေ ရှိတယ်လို့ သူတို့က ကောက်ချက်ချပါတယ်။ IRSO ရဲ့ ခေါင်းဆောင်ဟောင်း ကီရန်ကူမာကတော့ “အချိန်တွေ ကြာလာတာနဲ့အမျှ ပြန်နိုးထနိုင်မဲ့ အခွင့်အရေးကလဲ တဖြည်းဖြည်း နည်းပါးလာပြီ” လို့ ဘီဘီစီရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ ကူမာရဲ့ ပြောကြားချက်အရ “ယာဉ်ပေါ်က စက်ကိရိယာ အတော်များများက လကမ္ဘာရဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေကို မဖြတ်သန်းနိုင်လောက်ဘူး။ အကယ်၍ အဲ့အခြေအနေကို ဖြတ်သန်းနိုင်ခဲ့ပြီး ကိရိယာတော်တော်များများ အဆင်ပြေခဲ့ရင်တောင် လဆင်းယာဉ်ပေါ်က ထရန်စမစ်တာ အချက်ပြစနစ်နဲ့ ကျွန်တော်တို့ အဆက်အသွယ်မရတာကြောင့် ဒီယာဉ်တွေရဲ့ အခြေအနေအမှန်ကို သိနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
ချန်ဒရာယန်မစ်ရှင်ဟာ အခြားဘယ်နိုင်ငံကမှ ဆင်းသက်နိုင်ခြင်း မရှိသေးတဲ့ လရဲ့ တောင်ဝင်ရိုးစွန်းဘက်ခြမ်းကို ပထမဆုံးအကြိမ် ဆင်းသက်နိုင်ခဲ့တာပါ၊ ဒါ့အပြင် မစ်ရှင် ရည်ရွယ်ချက်တွေ အားလုံးကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တဲ့ မစ်ရှင်အဖြစ်လဲ မှတ်တမ်းတင်ခံထားရပါတယ်။ အာကာသအေဂျင်စီဘက်ကတော့ လက်ရှိအချိန်ထိ ချန်ဒရာယန်ယာဉ်တွေကို ပြန်လည်နှိုးနိုင်ဖို့ လုပ်ဆောင်နေဆဲပါပဲ။