အိန္ဒိယတွင် ရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးကာ ၁၀၀ ကျော်ပျောက်ဆုံးနေ

Author လင်းနွေဦး
Categories
Published on Oct 05, 2023

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ် Sikkim(ဆစ်ခ်ကင်)တွင် ပြီးခဲ့သည့်ရက်ပိုင်းက တာတမံကျိုးပေါက်မှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း BBC media မှ ဖော်ပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက် အင်္ဂါနေ့ကဖြစ်ပွားခဲ့သည့် အဆိုပါရေကြီးမှုကြောင့် လူ ၁၄ ဦး သေဆုံးကာ ၁၀၄ ဦးခန့်ပျောက်ဆုံးနေသည်ဟု သိရှိရပြီး ပျောက်ဆုံးနေသူများအတွင်း စစ်ဝန်ထမ်း ၂၂ ဦးပါဝင်ကြောင်း သိရသည်။

ဆစ်ခ်ကင်ပြည်နယ်၏ Lhonak lake(လိုနက်ခ်)ရေကန်ရှိ တာတမံမှာ အင်္ဂါနေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုးပေါက်ကာ အနီးရှိ Lachen(လက်ချမ်)ရွာဘေးရှိ Tessta(တက်ဆ်တာ)မြစ်အတွင်း ရေမျက်ပြင်လွန်စွာ မြင့်တက်စေခဲ့သည့်အတွက် ရေကြီးမှုကြီးစွာဖြစ်ပွားခဲ့ရသည်ဟု BBC News တွင် ဖော်ပြသည်။

ရေကြီးမှုကြောင့် ကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရာနှင့်ချီသော ကယ်ဆယ်ရေးအဖွဲ့နှင့် ဝန်ထမ်းများကို ပြည်နယ်အတွင်းသို့စေလွှတ်ထားပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီကလည်း ပြည်နယ်ဝန်ကြီး Prem Singh Tamang(ပရမ်ဆင်း တမ်မန်)ကို ဖြစ်နိုင်သမျှ ကူညီဆောင်ရွက်ရန် ဗုဒ္ဓဟူးနေ့က ညွှန်ကြားခဲ့သည်ဟု သိရသည်။

ကာကွယ်ရေး ပြောဆိုခွင့်ရှိသူတစ်ဦး၏ ပြောပြချက်အရ တာတမံကျိုးပေါက်မှုကြောင့် မြစ်အတွင်း ရေမျက်နှာပြင်မှာ ရေစုန်အတိုင်းပင် ၁၅ ပေ မှ ပေ ၂၀ အတွင်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

အိန္ဒိယစစ်တပ်မှလည်း စာတစ်စောင်ထုတ်ပြန်ခဲ့ရာတွင် “ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဟာ မရပ်မနားရွာတဲ့ မိုး နဲ့ အဆက်မပြတ်အားကောင်းပြီး လျင်မြန်စွာစီးနေတဲ့ မြစ်ရေတွေကြောင့် အခက်အခဲရှိနေပြီး စီးနေတဲ့ မြစ်ရေကြောင့် လမ်းနဲ့ တံတားတွေ ပျက်စီးခဲ့ရပါတယ်” ဟု ဖော်ပြထားသည်။

စစ်တပ်မှလည်း ပြည်သူတွေရဲ့ပျောက်ဆုံးနေသည့် မိသားစုဝင်များနှင့် ၎င်းတို့၏ စစ်သည်များကို ရှာဖွေရန် ကူညီကယ်ဆယ်ရေးလမ်းကြောင်းသုံးခု ခွဲထားကာ အချို့သော ပြန်လည်တွေ့ရှိသူများကို သက်ဆိုင်ရာမိသားစုများထံသို့ အခြေအနေကို အကြောင်းကြားဆက်သွယ်ပေးထားကြောင်း သိရသည်။

ယခုရေကြီးမှုကြောင့် နယ်နိမိတ်ထိစပ်နေသော အနောက်ပိုင်း ဘန်ဂဲလ်ပြည်နယ်အတွင်းက ဒေသများ၌ပါ ရေကြီးမှုကို ခံစားခဲ့ရပြီး ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေရကြောင်း ဘန်ဂဲလ် ပြည်နယ် ဝန်ကြီး Mamata Banerjee(မာမာတာ ဘနာဂျီး)က သတင်းထောက်များကို ပြောကြားသည်။

၎င်းက “ပြည်နယ်အတွင်းရှိ လူတစ်သောင်းကျော်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်း ၁၉၀ ကျော်သို့ ပို့ဆောင်ပေးထားပြီ” ဟု ပြောကြားသည် ။

ယခုရေကြီးမှုဖြစ်ပွားသော ဆစ်ခ်ကင်ပြည်နယ်သည် ရေကြီးမှုနှင့် အခြားသော သဘာဝဘေးများကို မကြာခဏခံစားဖူးကြောင်း၊ ပြီးခဲ့သည့်နှစ် အတွင်းတွင်လည်း ယခုကဲ့သို့ ပြင်းထန်သော ရေကြီးမှုကြောင့် ၂၄ ဦး သေဆုံးခဲ့ရပြီး လူတစ်သောင်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရကြောင်း BBC News တွင် ဖော်ပြထားသည်။