အားလုံးတသံတည်းညီပြီး ရုန်းကြရမည့် အချိန်ရောက်လာပြီဟု ယုံကြည်သောကြောင့် တစ်နှစ်တာ အစီအမံ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း NUGဆို

Author လင်းခိုင်
Categories
Published on Oct 12, 2022

အားလုံးတသံတည်းညီပြီး ရုန်းကြရမည့် အချိန်ရောက်လာပြီဟု ယုံကြည်သောကြောင့် တစ်နှစ်တာအစီအမံကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ယနေ့တွင်ပြုလုပ်သည့် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က ဆိုးဝါးလှသည့် စစ်ကောင်စီကို ရင်ဆိုင်နေရသည့် ပြည်သူများသည် စိတ်ရောကိုယ်ပါ ပင်ပန်းနေသည်ကို နားလည်ကြောင်း၊ ထို့ကြောင့် မလွယ်ကူမှန်းသိသော်လည်း ပြည်သူအားလုံး တသံတည်းညီပြီး တစ်ချိန်တည်း ရုန်းကြရမည့် အချိန်ရောက်လာပြီဟု ယုံကြည်သောကြောင့် တစ်နှစ်တာအစီအမံကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ လုပ်ဆောင်နိုင်ရန် တိုင်းနှင့်ပြည်နယ်ထဲရှိ မဟာမိတ် တိုင်းရင်းသားများနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၏ အားနှင့် ရှေ့ဆက်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေး အောင်မြင်စွာနှင့် အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် အားလုံးအတူကြိုစားကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

တော်လှန်ရေး အရှိန်ရလာသည်နှင့်အမျှ ရင်ဆိုင်ဖြေရှင်းရမည့် အရေးကိစ္စများသည် များသည်လည်း များပြားလာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းရမည့် အရေးကိစ္စများရှိသကဲ့သို့ စစ်ရေးအရဖြေရှင်းရမည့် အရေးကိစ္စများလည်း ရှိမည်ဖြစ်ကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် သေချာပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ထိုသို့ပြင်ဆင်နိုင်ရန်အတွက် အားလုံး၏ အကြံပြုချက်များနှင့် ဝိုင်း၀န်းကူညီ ဆောင်ရွက်မှုများ လိုအပ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။