အာဟာရပြတ်၍ လမ်းပေါ်၌ပင် သေဆုံးသူများပင် ရှိလာသော်လည်း ယခုဘဏ္ဍာနှစ်အတွက် စီးပွားရေး တိုးတက်မည်ဟု စစ်ကောင်စီ မျှော်လင့်နေ

Author မေ
Categories
Published on Dec 21, 2022

အာဟာရပြတ်၍ လမ်းပေါ်၌ပင် သေဆုံးသူများစွာ ရှိလာနေသော်လည်း ယခုဘဏ္ဍာနှစ်အတွက် စီးပွားရေး တိုးတက်မည်ဟု စစ်ကောင်စီ မျှော်လင့်နေကြောင်း သိရသည်။

 

၂၀၂၂- ၂၀၂၃ ယခုဘဏ္ဍာနှစ်အတွင်း စီးပွားရေး တိုးတက်မှုနှုန်း ၃ဒသမ ၇ ရာခိုင်နှုန်း ရှိရန် မျှော်မှန်းထားကြောင်း ဒီဇင်ဘာ ၂၀ရက်က တရုတ်နိုင်ငံမှ ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပသော အစည်းအဝေး၌ စစ်ကောင်စီခန့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၎င်းတို့၏ ဝါဒဖြန့်ချီသော နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။ ထို့ပြင် ယခု ဘဏ္ဍာနှစ်၏ ခြောက်လတာ ကာလ (ဧပြီလမှ အောက်တိုဘာ)အထိ စီးပွားရေးတိုးတက်နှုန်း ၃ဒသမ ၄ရာခိုင်နှုန်း ရှိခဲ့ကြောင်းလည်း ဆက်လက်ပြောကြားခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီမှ ထိုသို့ပြောဆိုနေသော်လည်း ပြည်တွင်း၌မူ စားဝတ်နေရေးကျပ်တည်းကာ နေထိုင်စရာမရှိ၍ အိမ်ခြေမဲ့နေထိုင်ရာမှ အာဟာရပြတ်လပ်၍ လမ်းပေါ်၌ပင် သေဆုံးသူများ ရှိနေကြောင်း သိရသည်။ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာ အတွင်း၌ပင် ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ မန္တလေးမြို့၊ နယ်စပ်မြို့များဖြစ်သော တမူးမြို့၊ တာချီလိတ်မြို့တို့၌ အာဟာရပြတ်လပ်ကာ လမ်းပေါ်၌ပင် သေဆုံးခဲ့သူ ဆယ်ဦးထက် မနည်းရှိခဲ့ကြောင်း သိရသည်။

 

ကုန်ဈေးနှုန်းမှာလည်း နေ့စဉ်နှင့်အမျှ ကြောက်မက်ဖွယ်မြင့်တက်လျက်ရှိကာ မရှိမဖြစ်အသုံးပြုရသော အိမ်သုံးဆေးဝါးများမှ စ၍ စားသောက်ကုန်၊ လူသုံးကုန် ပစ္စည်းအားလုံးလည်း အဆမတန် ဈေးနှုန်းမြင့်တက်လျက်ရှိကာ လူထုမှာ တစ်နေ့တစ်ခြား ပိုမိုကျပ်တည်းမှုများ ရှိနေကြောင်း သိရသည်။

 

ယခုနှစ်အတွင်း၌ပင် လောင်စာဆီဈေးမြင့်တက်မှု၊ ပြည်တွင်းရွှေဈေး စံချိန်တင်မြင့်တက်မှု၊ နိုင်ငံခြားသုံးငွေများ လဲလှယ်ရာ၌ ဈေးမြင့်တက်မှုများကိုလည်း စစ်ကောင်စီက ထိန်းချုပ်နိုင်မှု မရှိခဲ့ပေ။

 

NLD အစိုးရလက်ထက်က လျှပ်စစ်ဓါတ်အား ပေးဝေမှုအား နိုင်ငံတစ်ဝန်းနီးပါး လွှမ်းခြုံနိုင်သည်အထိ လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ပင် နာရီနှင့်ချီ၍ ကြာမြင့်ကာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ လျှပ်းစစ်မီး မရရှိသဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများမှ ကြီးမားသည့် စီးပွားရေးလုပ်ငန်းများအထိပါ ထိခိုက်မှုများစွာ ဖြစ်ပေါ်လျက်လည်း ရှိသည်။ မီးပြတ်သဖြင့် Gas ရရှိခြင်း မရှိရာမှ YBS ယာဉ်များပါ အကန့်အသတ်ဖြင့် မောင်းနှင်နေရသဖြင့် ရန်ကုန်မြို့ရှိ ကားမှတ်တိုင်များ၌ ရုံဆင်း၊ ရုံးတက်ချိန်များ၌ပင် လူများစွာ စုပြုံကာ စောင့်ဆိုင်းရမှုများလည်း ရှိသည်။

 

ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုကြောင့် ပြည်ပသို့ တရားမဝင်နည်းလမ်းများဖြင့် အလုပ်သွားရောက် လုပ်ကိုင်နေရသူများစွာရှိကာ အခက်အခဲများစွာ ကြုံတွေ့ရလျက်လည်း ရှိနေကြသည်။ ယခုနှစ်အတွင်း Telenor အပါအဝင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသော ပြည်ပကုမ္ပဏီများစွာလည်း လုပ်ငန်းများအား ရပ်ဆိုင်းမှုများ၊ ရောင်းချခဲ့မှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 

နိုင်ငံတစ်ဝန်း စီးပွားရေးဆိုးရွာစွာကျဆင်းနေကာ အာဟာရပြတ်၍ လမ်းပေါ်သေဆုံးသူများ၊ နေ့စဉ် ထမင်းတစ်နပ်စားရန်ပင် ခက်ခဲနေသည့်သူ များစွာရှိနေသည့် အခြေအနေ၌ စီးပွားရေးတိုးတက်မှုနှုန်းအား မျှော်လင့်နေသော စစ်ကောင်စီ၏ ပြောဆိုမှုမှာ ဟာသပျက်လုံးတစ်ခုကဲ့သို့ ဖြစ်နေကြောင်းလည်း လူငယ်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ဓာတ်ပုံ- မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့

ပုံစာညွှန်း- မန္တလေးမြို့တွင် အဟာရပြတ်ဆုံးပါးသွားသည့် အမျိုးသားတစ်ဦးအား မြင်ရပုံ ပုံအဟောင်း