အာမက် ပိုက်ဆံ မတောင်းပါ

Author မောင်ဒဂုံ
Categories
Published on Jun 12, 2023

သူ့ နာမည်က အာမက်။ အသက် ၇ နှစ်ကျော်လောက်ပဲ ရှိဦးမယ့် အစ္စလာမ်ဘာသာဝင် ကလေး တစ်ယောက်။

အာမက်မှာက သူ့ထက် နှစ်နှစ်လောက်ငယ်တဲ့ ညီမလေး တစ်ယောက် ရှိတယ်။ မိဘ တွေကတော့ မရှိရှာတော့ဘူး။

” သား အဖေနဲ့ အမေက မရှိတော့ဘူး။ ဆုံးသွားတာ သုံးနှစ်လောက် ရှိပြီ ထင်တယ်” လို့ အာမက်က ပြောပြတယ်။

အာမက်ကြည့်ရတာ သူ့ မိဘတွေက အမှန်တကယ် ဆုံးသွားခဲ့တာလား ၊ ဒါမှ မဟုတ် အကြောင်း တစ်ခုခုကြောင့်ပဲ သူတို့ မောင်နှမနဲ့အတူ ရှိမနေတော့တာလား သေသေချာချာ မသိတဲ့ ပုံမျိုး။

မိဘတွေက မရှိတော့ဘူး ဆိုတော့ အာမက်လည်း ဝမ်းရေးအတွက် ကိုယ့်အားကိုယ်ကိုး ရတော့တာပေါ့။ မိဘ ဆိုတာ မရှိတော့ အိမ်ဆိုတာလည်း အာမက်တို့ မောင်နှမမှာ မရှိကြဘူးလေ။

သာကေတ၊ (၁)စျေးကွေ့ မှတ်တိုင်နားက ကိတ်မုန့်ဆိုင်တစ်ခုရဲ့ ဆင်ဝင်အောက် နေရာလေးက ညစဥ် အာမက်တို့ မောင်နှမနဲ့ ဘဝတူ တခြား ကလေးတွေ အတွက် ကျောချစရာ နေရာလေးတစ်ခုပေါ့။

မနက် ၅ နာရီ ကျော်လောက်ဆိုတာနဲ့ အာမက် အိပ်ယာက ထတယ်။ စားနေကျ ထမင်းကြော်ဆိုင်ဆီ သွား၊ ပြီးရင် မောင်နှမ နှစ်ယောက် ထမင်းကြော်စားကြတယ်။
နှစ်ယောက်အတွက် ထမင်းကြော် ၁၅၀၀ ကျပ်ဖိုး စားရတယ်။ အာမက်ကတော့ အ ဝ စားရတယ်လို့ ပြောတာပါပဲ။

” မနက်ဆို သား ထမင်းကြော်စားလာတယ်လေ။ ၁၅၀၀ ပေးရတယ်။ တစ်ခါတည်း အဝ စားလာခဲ့ရတာပေါ့။” လို့ အာမက်က ဆိုတယ်။

တစ်ခါတည်း အဝ စားလာခဲ့တယ်လို့ အာမက် ပြောရတာက အကြောင်း ရှိတယ်။ အဲ့ဒီ မနက်စာ ထမင်းကြော် စားပြီးတာနဲ့ အာမက် ဝမ်းရေးအတွက် တစ်နေကုန် အလုပ်ထွက်လုပ်ရပြီ။

ညနေစောင်း ပြန်ရောက်တော့မှ အာမက်အတွက် ထမင်းက ထပ်စားရတော့မှာ။ နေ့လယ်စာ ဆိုတာ အာမက်လေးတစ်ယောက် စားရကောင်းမှန်းတောင် သိပ် မသိရှာတော့ဘူး။
သာကေတ ရန်အောင်မှတ်တိုင်က နေ တစ်စျေးကွေ့ မှတ်တိုင် တစ်ကြောမှာ အာမက်တို့လို့ မိဘမဲ့ ကလေးတွေ အများကြီးပဲ။ စျေးဆိုင်တွေ၊ Showroom ရှေ့ တံစက်မြိတ်တွေ၊ ကားမှတ်တိုင်တွေက အဲ့ဒီ ကလေးတွေအတွက် အိမ်ပဲ။

အသက်တွေကတော့ သုံးလေးနှစ်အရွယ်ကနေ ဆယ်ကျော်သက် အသက် ၁၅ နှစ် ၁၆ နှစ် အရွယ်တွေလောက်ထိ ရှိတယ်။

အာမက်က မနက်စာ စားပြီး ပြီဆိုတာနဲ့ ရွယ်တူ အခြား ကလေး သုံးလေးယောက်နဲ့အတူ အလုပ်ထွက်လုပ်ဖို့ ပြင်ရတယ်။ ပြင်ရတယ် ဆိုတာကလည်း တခြားတော့ မဟုတ်ပါဘူး။
အာမက်တို့ကို သူတို့ထက် ကြီးတဲ့ ၁၅နှစ် ၁၆ နှစ် အရွယ် ကလေးကြီးတွေက စာရွက်လေးတွေ တစ်အုပ်စီပေးထားတယ်။ လက်တစ်ဝါးစာလောက် စာရွက်လေးတွေပေါ့။
အာမက်စီက စာရွက်လေး တစ်ရွက်ပေါ်မှာတော့ ဒီလိုမျိုးလေး ရေးထားတယ်။

” ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို ၊ မမ များခင်မျာ။ ကင်ဆာရောဂါ ခံစားနေရသော မိခင်ကြီးအတွက် ဆေးကုသစရိတ်လေး လိုအပ်နေပါသဖြင့် သားကို ငွေကြေးလေး သဒ္ဓါသမျှ စွန့်ကြဲကြပါခင်မျာ”
ဒီ စာရွက်တွေက အာမက်တို့ အလကားတော့ ရခဲ့တာမဟုတ်ဘူး။ သူတို့ထက် ကြီးတဲ့ ကလေးကြီးတွေက အရွက်ငါးဆယ်လောက်စာ တစ်အုပ်ကို သုံးရာနဲ့ ရောင်းပေးထားတာ။

မနက်စာ စားပြီးတာနဲ့ အာမက်တို့ ဒီစာရွက်တွေကို သေချာ အစီအရီလေး စီ၊ သရေပင်လေးနဲ့ စည်း ပြီးတာနဲ့ လက်က ကိုင်ပြီး ဘတ်စ်ကား မှတ်တိုင်တွေဆီ ချီတက်ရတာပေါ့။
စာရွက်တွေ ပြင်နေတုန်း အချင်းချင်း သွားရမယ့် လမ်းကြောင်းတွေ ရွေးကြတယ်။ လေးယောက်ရှိတယ် ဆိုပါစို့။

တစ်ယောက်က တောင်ဒဂုံဘက်၊ နောက်တစ်ယောက်က တာမွေ၊ ပြီးရင် မြေနီကုန်း၊ မင်္ဂလာစျေး အစရှိသဖြင့်ပေါ့။ မနေ့က ဒီတစ်ယောက်က ဒီတစ်နေရာ သွားပြီးရင် ဒီနေ့အတွက် အခြားတစ်နေရာ ပြောင်းရတယ်။

အလှည့်ကျပုံစံပေါ့။ အာမက်ကတော့ အဲ့ဒီနေ့က တောင်ဒဂုံဘက်ကို သွားဖို့ အလှည့်ကျတယ်လေ။ ယုဇနဥယျဥ်မြို့တော် ဘက်သွားတဲ့ YBS တစ်စီးလာတော့ အာမက်လည်း ကားပေါ် တက်လိုက်လာခဲ့တယ်။

မနက်စောစောလည်းဖြစ် အဆင်းကားလည်း ဖြစ်နေတာ့ ကားပေါ်မှာ လူက သိပ်မပါသေးဘူး။ ဒါနဲ့ အာမက်လည်း ဂိတ်ဆုံးထိ လိုက်သွားတယ်၊ ဂိတ်က ထွက်တဲ့ အခြားကားတစ်စီးနဲ့ ပြန်လိုက်လာမှာလေ။

အဲ့ဒီအချိန်လောက်ဆို မနက် ၇နာရီကျော် ရုံးသွား၊ စျေးသွားသူတွေနဲ့ လူတွေများလာပြီလေ။

အာမက်အတွက် ဒါက ခန့်မှန်းရလွယ်ပါတယ်။ ယုဇနဥယျဥ်မြို့တော်ကနေ မြို့ထဲထိသွားတဲ့ YBS ဆိုတော့ ရုံးတက်ချိန်ဆို ကား လူအပြည့်ပဲလေ။

ဘတ်စ်ကားပေါ် လူတွေများလာပြီဆို အာမက် သူ့လက်ထဲက စာရွက်လေးတွေကို ခရီးသည်တွေဆီ လိုက်ဝေငှတယ်။

အချို့ ကလေးတွေကတော့ လူစည်ကားရာ မှတ်တိုင်တွေမှာ ဘတ်စ်ကား နည်းနည်းကြာကြာရပ်တုန်း ကားပေါ်တက် စာရွက်တွေဝေ၊ စွန့်ကြဲသမျှ ယူပြီး ပြန်ဆင်းပေါ့။

အာမက်ကတော့ အဲ့ဒီလိုမဟုတ်ဘူး။ ဘတ်စ်ကားပေါ် လူနည်းနည်းများလာပြီဆိုတာနဲ့ စာရွက်တွေ လိုက်ဝေထားလိုက်တယ်။ ပြီးရင် သူက ဆင်းရမယ့် အပေါက်ဝနားလေးမှာ မတ်တပ်လေး ရပ်ပြီး စောင့်နေတယ်။

သူစာရွက်ဝေထားတဲ့ ခရီးသည်က ဆင်းခါနီး အပေါက်ဝကိုလာရင် အာမက်က စာရွက်လေးပြန်တောင်းတယ်။ ခရီးသည်ကလည်း စေတနာရှိရင် စွန့်ကြဲပေါ့။ မရှိတော့လည်း စာရွက်ပြန်ပေးပြီး ဆင်းပေါ့။

ခရီးစဥ် အစ အဆုံးတော့ အာမက် လိုက်မစီးပါဘူး။ တောင်ဒဂုံဘက် လမ်းကြောင်းကျချိန်ဆို တောင်ဒဂုံအတွင်းတော့ လိုက်စီးတာမျိုးပေါ့။

ခရီးသည်တွေက မဆင်းသေးရင်လည်း ဆယ်မှတ်တိုင်လောက် လိုက်စီးပြီးရင် အာမက် က စာရွက်လေးတွေ ပြန်လိုက်သိမ်းတယ်။ စွန့်ကြဲသမျှလေးတွေကို လက်ခံတယ်။

မနက်ခင်းတစ်ခုကို အာမက် လေး ဘတ်စ်ကား သုံး လေးစီးလောက်တော့ လိုက်စီးရတာပဲ။ ခပ်ချိုချိုလေး ပြုံးတတ်လို့လားမသိ၊ အာမက်အတွက် တစ်မနက်ခင်းကို ငါးထောင်လောက်တော့ ရတတ်တယ်။

အဲ့ဒီလောက် မရလို့လည်း မဖြစ်ဘူး။ မနက်ခင်း စာရွက်ဝေ စွန့်ကြဲသမျှတွေယူပြီးရင် နေ့ခင်းကျ ကလေးကြီးတွေဆီ ပြန်ပြီး ငွေအပ်ရသေးတယ်။

ကလေးကြီးတွေက အာမက်တို့ကို တစ်ရက် တစ်သောင်းရှာဖို့ ပြောထားတာ။ မနက်တစ်ပိုင်းဆို ငါးထောင်ပေါ့။ ပိုရင်လည်း မသိမ်းထားရဲဘူး။

နေ့ခင်း မုန့်စားဖို့အတွက် ကလေးကြီးတွေက လေးရာစီ ပေးလိုက်တယ်။ အဲ့ဒီ လေးရာနဲ့ ဗိုက်ဆာရင် အာမက်တို့ မုန့်လေးဘာလေး ဝယ်စားရတာပေါ့။

တစ်ခါတစ်လေ ဗိုက်ဆာလာရင် မှတ်တိုင် တစ်ခုခုမှာ သဘောကောင်းမယ် ထင်တဲ့ သူတစ်ယောက်ယောက်စီ သွားပြီး အာမက် စာရွက်ဝေလိုက်တယ်။

နေပူပူထဲ ဖိနပ်မစီးထားတဲ့ ကလေးတစ်ယောက်က ဆာလောင်နေတဲ့ မျက်နှာလေးနဲ့ အနားရောက်ပြီး အကူအညီတောင်းတာကို ငြင်းပယ်နိုင်တဲ့ နှလုံးသားတွေက ရှားပါတယ်လေ။

သဘောကောင်းတဲ့ ဦးဦး၊ ဒေါ်ဒေါ်တွေက မုန့်တွေ ဝယ်ကျွေးကြတာပေါ့။ ဒီလို အခါမျိုးဆိုလည်း အာမက်က သူ့ကို ဝယ်ကျွေးတာရဲ့ တစ်ဝက်ကိုသာ စားတယ်။

တစ်ဝက်က လမ်းဘေးမှာ ဆော့ကစားရင်း သူ့ကို မျှော်နေရှာမယ့် ညီမလေးအတွက်လေ။ ကလေးကြီးတွေက သူ့ ညီမလေးကို ထိန်းကျောင်းပေးထားတော့ အာမက် ထားခဲ့ဖို့ စိတ်ချပေမယ့် ညီမလေး ဆာလောင်နေမလားတော့ တစ်နေကုန် တစ်ကြောင့် ကျကျ ဖြစ်နေရတာပါပဲ။

နေ့ခင်းတစ်ဖြတ် အလုပ်လုပ်လို့ ရသမျှ ကလေးကြီးတွေ စီ ပြန်မအပ်ခင် တစ်ယောက်ယောက်ကများ မုန့်ဝယ်ကျွေးတာနဲ့ ကြုံရင် အာမက်ကတော့ တစ်ဝက် အမြဲထုတ်လာခဲ့တာပဲ။
ဒီလိုဆိုတော့လည်း ဝယ်ကျွေးသူတွေက ဂရုဏာပိုသက်မိတော့ သူ့ညီမလေးအတွက် သက်သက် ဝယ်ပေးလိုက်တာက များပါတယ်။

နေ့ခင်းပိုင်းကတော့ ကလေးကြီးတွေက ရန်အောင်၊ ဝက်စု မှတ်တိုင်နား တစ်ဝိုက်မှာ ကျင်လည် ကျက်စားကြတယ်။ အာမက်လည်း အဲ့ဒီကို သွား၊ မနက်က ရသမျှ အပ်၊ ပြီးရင် ပါလာတဲ့ မုန့်လေးကို ညီမလေးကိုကျွေး ခဏတစ်ဖြုတ်နားပေါ့။

ကလေးကြီးတွေက မုန့်တော့ လုမစားကြပါဘူး။ နေ့ခင်းဆို အခြား ကလေးတွေလည်း ရသမျှ လာအပ်ကြတယ်။ လူစုံရင် အာမက်တို့ ညနေတစ်ပိုင်းအတွက် လမ်းကြောင်းတွေ ပြန်ချတယ်။

အာမက်က ဒီ ညနေအတွက် မြေနီကုန်းဘက် အလှည့်ကျတယ်။ အဲ့ဒီဘက်က အလုပ်လုပ်ဖို့ အဆင်ပြေတဲ့ နေရာလို့ ပြောလို့ရမယ်။

မှတ်တိုင်မှာ ကားတွေက ကျောက်ချ ရပ်ထားတာပဲ။ ဒီမှာတော့ အာမက် ဘတ်စ်ကား လိုက်မစီးတော့ဘူး။ မြေနီကုန်းဘက်က ကားတွေက ကားထွက်ရင် ပေးမလိုက်ဘူးလေ။

ဒါပေမယ့် ဆယ်မိနစ်လောက် ရပ်ထားလေ့ရှိတော့ အချိန်ရပါတယ်။ ဆိုက်သမျှ ဘတ်စ်ကားတွေပေါ် တက်ပြီး စာရွက်ဝေ စွန့်ကြဲရင်ယူ မကြဲလည်း စာရွက်ပြန်သိမ်းဆင်းပေါ့။
လူကစည်တော့ ငါးထောင်ပြည့်ဖို့က မြန်တယ်လေ။ ကလေးကြီးတွေကလည်း ညနေပိုင်းအတွက် ငါးထောင်ပဲ ရှာခိုင်းလိုက်တာ။ မြန်မြန်ပြည့်ရင် သူ မြန်မြန်ပြန်လို့ရပြီ။
ညီမလေးက မျှော်နေမှာလေ။ ပိုပြီးတော့လည်း မရှာပေးတော့ဘူး၊ အာမက်အတွက် အပိုရလာလည်း သူ ရတာမှာ မဟုတ်တာလေ။

ည ၇ နာရီလောက်ဆို တစ်စျေးကွေ့ဘက်ကို အာမက် ပြန်ရောက်နေပြီ။ ကိတ်မုန့်ဆိုင်ကတော့ ည ၈နာရီကျော်လောက်မှ ပိတ်တာဆိုတော့ သွားနေလို့မရသေးဘူး။
ပြန်ရောက်ရင် ကလေးကြီးတွေ ဝယ်ကျွေးတဲ့ ထမင်းကို မောင်နှမ နှစ်ယောက်စားတယ်၊ ပိုက်ဆံအပ်တယ်။ ပိုရင်လည်း ကလေးကြီးတွေက အကုန်သိမ်းတယ်ဆိုပေမယ့် အကြွေတွေဆိုရင်တော့ ပြန်ပေးပါတယ်။

အဲ့ဒီအခါကျ အာမက်က စုထားတယ်။ စုဘူးတော့ မရှိဘူး သူ့ရဲ့ ဘောင်းဘီ အတို အစုတ်ကလေးရဲ့ အိတ်လေးထဲမှာ။ အကြွေတွေများလာတော့လည်း ထောင်ချီသွားတတ်တာပေါ့။
အဲ့ဒီလို များလာရင် အာမက် နည်းနည်းကြောက်တယ်။ ညအိပ်နေတုန်း သူ့ အိပ်ကပ်ထဲက လာနှိုက်ပြီး လုတဲ့သူတွေ ရှိတယ်လေ။

အာမက် က အဲ့ဒီလိုမျိုး နှစ်ခါ သုံးခါ ကြုံရဖူးတယ်။ ဒီ အသက် ၇ နှစ်အရွယ် ကလေးလေးရဲ့ အိပ်ထဲက လာလုသူတွေက အသက် ခပ်ကြီးကြီး လူကြီးတွေဖြစ်နေတာလေ။
တစ်ခါတစ်လေတော့လည်း အာမက် နေတဲ့ နေရာနားက ကော်ရှူတဲ့ သူ့ထက် နည်းနည်းကြီးတဲ့ ကလေးတွေက မိုက်ကြေးခွဲ တောင်းတာတွေလည်း ရှိတယ်။

အဲ့တာမျိုးကိုတော့ အာမက်က သတ္တိမနည်းဘူး။ ပြန်ခံချတာပဲ။ ကော်ရှူတွေကောင်တွေကိုတော့ မပေးနိုင်ဘူး၊ သူလည်း ကော်ဘယ်တော့မှ ရှူမှာ မဟုတ်ဘူးတဲ့။

ညနေခင်း ကလေးကြီးတွေစီ ပိုက်ဆံအပ်ပြီးရင် ကိတ်မုန့်ဆိုင် မပိတ်သေးမှီ စပ်ကြားမှာ အာမက် ပလုံလည်း လိုက်ကောက်တတ်သေးတယ်။

တစ်ည ပလုံကောက် တစ်သောင်းလောက်တော့ ရတတ်တယ်တဲ့။ ကလေးကြီးတွေနဲ့အတူ ဆိုတော့ ကလေးကြီးတွေစီပဲ ငွေကအပ်ရတာပေါ့။

ကလေးကြီးတွေက သိမ်းပေးထားတာ ပြန်ပေးမယ်ပြောတာပဲ။ နေ့တိုင်းလည်း ထမင်းဝယ်ကျွေး မုန့်ကျွေးနေတော့ အာမက် ယုံပါတယ်။

ပလုံကလည်း အမှိုက်သိမ်းကားတွေ မရောက်ခင်လေး အမြန်ရှာဖွေရတာလေ။ အမှိုက်ပုံ လေးငါးခြောက်ခုလောက်တော့ တစ်ည တစ်ည ပုံမှန် ပလုံလိုက်ကောက်ဖြစ်တယ်။

ပလုံကောက်ပြီးရင်တော့ ကိတ်မုန့်ဆိုင်လည်း ပိတ်ပြီ။ အာမက်လည်း ညီမလေးရယ် လုပ်ဖော်ကိုင်ဖက် ကလေးတွေရယ်နဲ့အတူ ဆိုင်ရှေ့ကို လှမ်းမယ်လေ။

အမိုးလေးနဲ့ သံမံသလင်း ခင်း နေရာလေးက မီးလည်း ထွန်းထားတော့ လင်းလင်း ရှင်းရှင်းနဲ့ နေလို့ကောင်းတယ် အာမက်ထင်တာပဲ။ ခြင်ကတော့ ကိုက်တာပေါ့၊ ရိုးနေပါပြီလေ အာမက်တို့အတွက်။

မိုးတွေရွာလည်း ဒီလိုပဲ ခိုနား အိပ်စက်ရတာပဲ။ မိုးရွာတယ်ဆိုလို့ ကလေးကြီးတွေက မိုးရွာတဲ့ အချို့ရက်တွေဆို ပြည်သူ့ရင်ပြင်စီ အုပ်စုလိုက် အလည်သွားဖို့ ခေါ်တတ်တယ်။
အဲ့ဒီခါကျ အာမက်တို့ ကလေးတစ်သိုက် ရေတွေကူး လျှောက်ဆော့ကြပေါ့။ အဲ့ဒီ ရက်တော့ အာမက် အလုပ်မလုပ်ရဘူး။ အားလပ်ရက်ပေါ့။

အာမက်က ကျောင်းဆိုတာလည်း ဘာမှန်းမသိဘူး။ မြင်ဖူးတာပဲရှိတယ်။ သောကြာနေ့ဆိုလည်း အာမက် အလုပ်လုပ်ရတာပဲ။

တစ်ခါက သဘောကောင်းတဲ့ အကိုကြီးတစ်ယောက်က မုန့်ဝယ်ကျွေးရင်း အာမက်ကို မေးဖူးတယ်။ မင်း မွတ်စလင် မဟုတ်လား သောကြာနေ့ကို ဗလီမတက်ဘူးလားတဲ့။

အာမက် ဘယ်နေ့က သောကြာဆိုတာတောင် မသိဘူး။ အာမက်လက်ထဲက စာရွက်မှာ ဘာရေးထားမှန်းလဲ အာမက် မသိဘူး။

အာမက်သိတာ ဒီစာရွက်တွေကို ဘတ်စ်ကားတွေပေါ်မှာ ဝေမယ်။ လူတွေက သူ့ကို ငွေတွေ ပြန်ပေးမယ်။

ဒီစာရွက်တွေက ပျောက်လို့ မရဘူးဆိုတာ အာမက်သိတယ်။ စာရွက်တွေ ပျောက်ရင် ကလေးကြီးတွေက အာမက်ကို ရိုက်လိမ့်မယ်။ ဒါကို အာမက် ကြောက်တယ်။

အာမက်အတွက် ဒီစာရွက်တွေက အလုပ်ပဲ။ အာမက် ဒါတွေဝေမှ ထမင်းစားရမယ်၊ ညီမလေးကို လည်း ထမင်းကျွေးနိုင်မယ်။

အာမက်အတွက် တစ်ရက် တစ်သောင်းရနေရင် လုံလောက်ပြီ။ တစ်သောင်း မြန်မြန်ပြည့်ရင် မြန်မြန် ညီမလေးစီ ပြန်ရမယ်။

ညီမလေး ဆာနေရှာရော့မယ်။ ဒါ အာမက် အစိုးရိမ်ဆုံးပဲ။ ဒါပေမယ့် အာမက်အတွက် တစ်ရက်တစ်သောင်းဆိုတာ ရှာရ မခက်လှပါဘူး။

ဒါကြောင့်မို့လည်း အာမက်ကို သဘောကောင်းသူတွေက ငွေမပေးပဲ မုန့်ဝယ်ကျွေးရင် အာမက် တအားပျော်တာ။

တစ်ချို့လူတွေက အာမက် စာရွက်လည်း မဝေပဲ ပိုက်ဆံတွေ သနားတယ်ဆိုပြီး ထည့်သွားရင် အာမက်မကြိုက်ဘူး။

အာမက် ပိုက်ဆံတောင်းနေတာ မဟုတ်ဘူးလေ။ အာမက် ဗိုက်ဆာလို့ မုန့်တောင်းစားတာ။ အာမက်ထက် ညီမလေးက နေ့ခင်းဆို ဆာနေတတ်တာ။

အာမက် အဲ့ဒါကြောင့် မုန့်တောင်းစားရတာ။ အာမက်ပြီးရင် အလုပ်လုပ်ရမယ်။ ပြီးရင် ညီမလေးဆီပြန်မယ်။

ဒါ အာမက်ရဲ့ ဘဝပါပဲ။ အခုတော့ မိုးချုပ်နေပြီလေ။ အာမက် ညီမလေးကို ချော့သိပ်ရင်း ကိတ်မုန့်ဆိုင် တံစက်မြိတ်လေးမှာ ကွေးကွေးလေး အိပ်ရဦးမယ်လေ။

ရန်ကုန်မြို့ရဲ့ ကားမှတ်တိုင်တွေမှာ အာမက်လို ကလေးတွေ များစွာရှိနေပါတယ်။ ဥပဒေတွေ ဘယ်လောက်ကောင်းကောင်း ဥပဒေကို အကောင်ထည်ဖော်ပေးမှု အားနည်းနေချိန်မှာ အာမက်လေးတို့လို ကလေးတွေဘဝဟာ ကလေးကြီးဆိုသူတွေရဲ့ ခိုင်းစေမှု ခေါင်းပုံဖြတ်မှု တွေနဲ့ ကလေးသူငယ်အခွင့်အရေးတွေ အကုန်လုံးဆုံးရှုံးနေရတုန်းပါပဲ။