အာဏာသိမ်း (၃)နှစ်ပြည့်ခါနီးချိန် ပြည်သူတွေရဲ့ နိမ့်ကျလာမှုများ

Author လင်းနွေဦး၊ လဂွန်းအိမ်
Categories
Published on Jan 21, 2024

စစ်ကောင်စီက အာဏာသိမ်းယူခဲ့တာဟာ လာမယ့်ဖေဖေါ်ဝါရီ (၁) ရက်နေ့ဆိုရင် သုံးနှစ်ပြည့်ပြီပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလ သုံးနှစ်အတွင်းမှာ မြန်မာပြည်ဟာ အဖက်ဖက်ကနေ နိမ့်ကျမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီသုံးနှစ်တာ ကာလအတွင်းမှာ ပြည်သူတွေ ဘာတွေကြုံတွေ့နေရသလဲ ပြည်သူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝတွေကို ဘယ်လိုဖြတ်သန်းနေရသလဲ ဒီတစ်ပတ် CJ Platform ရဲ့ “ဒုက္ခအတိတွေ့နေသူများ၏ တီးတိုးသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

****************************************

 

“ဘာဖြစ်လာမလဲဆိုတာ မသိရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာပါတယ်”

 

သင်္ကန်းကျွန်းမြို့နယ်မှ လူငယ်တစ်ဦးရဲ့ တီးတိုးသံ

 

အာဏာသိမ်းပြီးနောက်ပိုင်း ငွေကြေးတန်ဖိုးမြင့်မားလာမှုကြောင့် စီးပွားရေးတွေ ပိုကြပ်တည်းလာတယ်။ အရင်တုန်းက တစ်ရာတန်တဲ့ ပစ္စည်းက သုံးရာ၊လေးရာထိ ဖြစ်လာတယ်။ စီးပွားရေးကျဆင်းပြီး အလုပ်အကိုင် ရှားပါလာတယ်။

 

ပညာရေးအနေနဲ့တော့ တက္ကသိုလ်ပထမနှစ်နဲ့ ကျောင်းနားထားတာကြာပါပြီ။ အာဏာသိမ်းပြီးနောက်ပိုင်း CDM Student လုပ်ထားပါတယ်။ သူငယ်ချင်းတွေ တော်တော်များ ကျောင်းပြန်တက်နေကြပေမယ့် ကိုယ်ယုံကြည်မှုကြောင်း ကျောင်းပြန်မတက်ဘဲ နေနေပါတယ်။ အလုပ်လိုက်လျှောက်တဲ့အခါတိုင်းမှာ ပညာရေးကြောင့် အလုပ်ပယ်ချခံရမှုတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။

 

လူမှုရေးပိုင်းတော့ CDM မလုပ်တဲ့သူတွေကြောင့် သိတဲ့သူတွေ တော်တော်လျော့သွားပါတယ်။ နေရာတော်တော်များမှာ ခိုးဆိုးလုနိုက်မှုတွေ တော်တော်ပေါများလာပါတယ်။ ဘယ်နေရာပဲသွားသွား စိတ်ချလက်ချ မသွားရပါဘူး။ ညဘက်ဆိုရင် ည၈ နာရီကျော်လောက် အိမ်ကိုရောက်အောင်ပြန်ရပါတယ်။ ညဘက်ရောက်တာနဲ့ လိုက်လံဖမ်းဆီးမှုတွေ ရှိနေလို့ပါ။ ဘာဖြစ်လာမလဲဆိုတာ မသိရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိလာပါတယ်။

****************************************

 

“အာဏာရူးထတဲ့တစ်စုကြောင့် တစ်တိုင်းပြည်လုံးမွဲပြာကျနေရတယ်”

 

ပန်းတနော်မြို့နယ်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ တီးတိုးသံ

 

အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ်တွေအတွက် စားဖို့ မပူရဘူးဆိုပေမယ့် လူနေထိုင်မှု အဆင့်အတန်းအများကြီး နိမ့်သွားတယ်။ လျှပ်စစ်မီးဆိုရင်လဲ အာဏာမသိမ်းခင်ကဆို အခုလိုမျိုး ပြတ်တာမရှိဘူးလေ အခုကတော့ ပေးချင်သလိုပေးပြီး အချိန်မမှန်သလို မလာတဲ့အချိန်ကများတော့ အလုပ်မှာရော အခြားကိစ္စတွေမှာ အဆင်မပြေဘူးပဲဆိုရမယ်။

 

လုပ်ငန်းလုပ်တဲ့နေရာမှာလဲ ကြပ်တည်းလာတယ် အရင်ကဆို ကိုယ့်ငွေနဲ့ကိုယ် ရင်နှီးထားနိုင်ပေမယ့် အခုတော့ ချေးငှားရတာတွေဖြစ်လာတယ် တစ်ထောင်တန်တဲ့ပစ္စည်းက သုံးထောင်နီးပါးလောက် ဖြစ်လာတော့ အရင်းအနှီးက လိုပြီးရင်းလိုနေတာ အခုဆို စက်သုံးဆီတွေက ဈေးတက်ပြီး ဝယ်ရခက်တဲ့အခါကျတော့ ဆီအတွက် တာဝန်တစ်ခု ပိုသလို စရိတ်ကာမိအောင် အမြဲကြံနေရတာ ဒီကြားထဲ ငွေအတုတွေကထွက်တော့ တစ်သောင်းတန်ဆို လန့်နေရတယ် အုပ်ထဲ တစ်သောင်းတန် အတု ပါလာလို့ကတော့ သွားပြီပဲ အလုပ်လုပ်ရတာလဲ အရင်လို အေးအေးချမ်းချမ်းမရှိ ခိုးဆိုးလုနှိုက်ပိုပေါလာပြီး လိမ်လည်တာတွေလည်း များလာတာလေ အချိန်တိုင်း လုယက်တာခံရမလား ခိုးသွားမလား အစစ အရာရာ သတိထားနေရတာ မလွယ်ဘူး အရင်ကဆို ဘယ်အချိန် အလုပ်သိမ်းသိမ်း ရတယ် အခုတော့ အဲ့ဒီလိုမရဘူး စောစောသိမ်းမှ အလုပ်သမားတွေ ပြန်ရတာစောအောင် ‌အလုပ်စောစောသိမ်းရတယ် ဒီကြားထဲ သူတို့စစ်ဆေးရေးဂိတ်တွေဆို ငွေပေးမှ မပေးရင် တစ်မျိုးမဟုတ် တစ်မျိုးရစ်တာ လုံခြုံရေးအတွက် စစ်ဆေးခံရန်ရပ်ပါ ငွေကြေးပေးစရာမလိုသာ ကပ်ထားတာ ပိုက်ဆံတောင်းတဲ့ဂိတ်လိုပဲ ဖြစ်နေတာ၊ သူတို့ပါသူတို့ ဖွံ့ဖြိုးတိုးတက်တယ်သာအော်နေတာ နိမ့်ပြီးရင်းနိမ့်ရင်းကိုဖြစ်နေတယ် အချို့ဆိုင်တွေ ဟိုဟာမရောင်းရ ဒီဟာမရောင်းရနဲ့ ကန့်သတ်တာတွေများတော့ အလုပ်ကလည်း လုပ်တိုင်းမဖြစ်ဘူး အကုန်ပါပဲ အာဏာရူးထတဲ့တစ်စုကြောင့် တစ်တိုင်းပြည်လုံးမွဲပြာကျနေရတယ်။

****************************************

 

“အိမ်ကမောင်လေး တစ်ယောက်ဆိုရင် ကျောင်းဆိုရင် ဆက်မတက်ဖြစ်တော့ဘဲ သူ့ရဲ့ ပညာရေးဆိုရင် တစ်ဝက်တစ်ပြတ် နဲ့ ဖြစ်သွားတာ”

 

သာကေတမြို့နယ်မှ အသက် ၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ တီးတိုးသံ

 

စစ်တပ်က အာဏာသိမ်းပြီး ထိခိုက်တာတွေတော့ အများကြီးပဲ အဓိကကတော့ ကုန်ဈေးနှုန်းတွေ အရမ်းတက်သွားပြီးတော့ ငွေတန်ဖိုးကျသွားတာ၊ အဲ့လိုဖြစ်တော့ ဥပမာ ကိုယ်အလုပ်လုပ်နေရတဲ့ အပိုင်းတွေမှာဆိုလည်း အခက်အခဲတွေ အများကြီးရှိတယ် ရတဲ့လစာတွေနဲ့ မညီမျှတော့တာ။

 

ပြီးတော့ ကိုဗစ် တတိယလှိုင်းတုန်းကဆိုလို့ရှိရင် ပိုပြီးတော့ သိသာသွားတယ်   အောက်ဆီဂျင်အိုးတွေ မရခဲ့တာကြောင့် အစ်မရဲ့ အစ်ကို တစ်ယောက် ဆုံးပါးသွားတယ် အဲ့လိုကျန်းမာရေး အခက်အခဲတွေ လည်း ရှိခဲ့ပြီး အမအတွက် ထိခိုက်မှု ပြင်းသွားတယ်။

 

ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး အပြောင်းအလဲတွေကြောင့်မို့လို့ မိသားစုမှာ  ထိခိုက်မှုတွေတော့ရှိတာပေါ့၊  ပုံမှန်ရနေကြ လစာ သုံးသိန်းကနေပြီးတော့ ကုန်ဈေးနှုန်းတွေက မတရားတက်လာတော့ လစာနဲ့ ကုန်ကျစရိတ်နဲ့ မကာမိတာတွေ ဖြစ်လာကော ကိုယ့်ရဲ့ အငယ်တွေပညာရေး ပေါ့နော် အိမ်ကမောင်လေး တစ်ယောက်ဆိုရင် ကျောင်းဆိုရင် ဆက်မတက်ဖြစ်တော့ဘဲ သူ့ရဲ့ ပညာရေးဆိုရင် တစ်ဝက်တစ်ပြတ် နဲ့ ဖြစ်သွားတာမျိုးတွေ အဲ့လိုအခက်အခဲတွေကတော့ အများကြီး ရှိတယ်။

 

လိုက်ပြောနေရင်တော့ အများကြီးပဲပေါ့  အစ်မတို့ထက်စာရင် တစ်နေ့လုပ်တစ်နေ့စာ လူတန်းစားတွေ ဆိုရင် ပိုဆိုးတာပေါ့ သူတို့ဆို တော်တော်ကို ပိုထိတယ် မြင်ရကြားရတာတွေဆိုလည်း အဆင်မပြေဘူး ဒီကာလတော့ ကိုယ်စီရုန်းကန်ပြီး ဖြစ်သလိုတောင့်ခံရတယ်ပဲ ပြောရမယ်။