အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိစက်ရုံများတွင် အချိန်ပိုမဆင်း၍ အလုပ်ဖြုတ်ခံရသူ ၁၄၀ ကျော်ထိရှိလာ

Author ခေတ်နီ
Categories
Published on Dec 21, 2022

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအတွင်းရှိ စက်ရုံ အလုပ်ရုံများတွင် အလုပ်အချိန်ပို မဆင်းနိုင်၍ အလုပ်ဖြုတ်ခံရသည့် အလုပ်သမားဦးရေသည် ၁၄၀ ဦးကျော်လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ထံမှ သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လှိုင်သာယာ ရွှေပြည်သာ ရွှေလင်ပန်းစက်မှုဇုန်များရှိ စက်ရုံများတွင် စက်ရုံဘက်မှခေါ်သည့် အချိန်ပိုမဆင်းသည့် အတွက်ကြောင့် အလုပ်သမား၁၄၀ဦးထက်မနည်း အလုပ်ဖြုတ်ခံရပြီး လှိုင်သာယာစက်မှုဇုန်မှ အလုပ်ထုတ်ခံရသည့် အလုပ်သမားဦးရေသည် အများဆုံး ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလုပ်ဖြုတ်ခံရမှုများသည် ပြီးခဲ့သည့် ဧပြီလလောက်ကတည်းက စတင်ဖြစ်ပေါ်နေတာဖြစ်ပြီး ထိုသို့အလုပ်ဖြူတ်ခံရမှုများအပေါ် အလုပ်သမားများမှ သက်ဆိုင်ရာ အလုပ်သမားရုံးများအား တိုင်တန်းမှုများ ပြုလုပ်ခဲ့သော်လည်း အလုပ်သမားရုံးများမှ ကူညီဖြေရှင်းပေးမှု မရှိကြောင်း သိရသည်။

“အလုပ်သမားတွေက ပြီးခဲ့တဲ့ ဧပြီလောက်ကစ အဖြုတ်ခံနေရတာ အစ်မတို့ဆီ စာရင်းရောက်တာက ၆ လပိုင်းလောက်မှ စာရင်းရောက်လာတာ အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေက အလုပ်သမားရုံးတွေကို တိုင်ပေမယ့် ဖြေရှင်းမပေးတာတွေ ရုံးချိန်းတွေပေးပြီး ပြန်လွှတ်တာတွေရှိတော့ အလုပ်သမားတွေက စိတ်ပျက်သွားကြတယ်”ဟု FGWMမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

ထိုသို့စက်ရုံများတွင် အလုပ်သမားများ အလုပ်ဖြုတ်ခံနေရမှုအပေါ် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးကလည်း ယခုလိုပြောပြထားသည်။

“ဒီလိုမျိုး အလုပ်ဖြုတ်ခံနေရတာက အလုပ်သမားတွေအနေနဲ့ အရမ်းနစ်နာတယ် အိုတီဆင်းတာ မဆင်းတာက အလုပ်သမားက မဆင်းပဲနေရင်နေလို့ရတယ် ဥပဒေအရလဲ မဆင်းမနေရ ပြဌာန်းမထားဘူး ဒီလို အလုပ်ထုတ်ခံရတော့ သူတို့တခြားအလုပ်လဲ ရှာရခက်တယ် ရရင်လဲနေ့စားပဲ ဆိုတော့ ဘာအာမခံချက်မှ မရဘူး ဒါတွေကို သူတို့ချုပ်လုပ်ရတဲ့ အမှတ်တံဆိပ်တွေက သိဖို့လိုတယ်”ဟုပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)၏ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား ၁ဒသမ၁သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံ လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလာလျက်ရှိနေကာ အလုပ်သမားရေးဖြေရှင်းရန် အစိုးရမှဖွဲ့စည်းထားသည့် ဌာနများ၏ လုပ်ငန်းရှင်များအပေါ်ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ လုပ်သားအခွင့်အရေးချိုးဖောက်ခံနေမှုများသည် ပိုမိုဆိုးရွားလျက်ရှိနေတာပဲ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အလုပ်သမား #အထည်ချုပ် #လုပ်သားအခွင့်အရေး