အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာထွက်ပြေးရသူ တစ်သန်းကျော်ထိရှိလာနေ

Author ခေတ်နီ
Categories
Published on Nov 03, 2022

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်း ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူဦးရေဟာ ၁.၁သန်းကျော်ထိရှိနေပြီဖြစ်ကြောင်းကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်းတွင် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူဦးရေသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်နေ့အထိ စာရင်းများအရ ၁ဒဿမ၄သန်းထိ ရှိနေတာဖြစ်ပြီး ထိုအထဲမှ၁ဒဿမ၁သန်းကျော်သည် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှ နေရပ်စွန့်ခွာခဲ့ရသူများဖြစ်ကြောင်း UNOCHAက ဆိုထားသည်။

စစ်ကောင်စီတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုများ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိသည်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီမှ လေကြောင်းဖြင့်တိုက်ခိုက်ခဲ့မှုကြောင့် ဒါဇင်နဲ့ချီတဲ့ အရပ်သားများသေဆုံးခဲ့ရပြီး ကချင်ပြည်နယ်တွင်း တင်းမာမှုများ မြင့်တက်နေခဲ့ကာ ကယားပြည်နယ် (ကရင်နီပြည်)မှာလည်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေတာကြောင့် အရပ်သားသေဆုံးမှုများနှင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများ ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းစီထရန်ကြောင့် ပေါက်တောမြို့နယ် သဲခုံကျေးရွာရှိ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တွေက လယ်ဧကထောင်ပေါင်းများစွာ ‌ရေမြှုပ်ခဲ့ရကြောင်း UNOCHA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။