အာဏာဖီဆန်လှုပ်ရှားမှုအား CDM ဆရာ၊ ဆရာမများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဟု အကသ ကတိပြု

Author မွန်လေး
Categories
Published on Oct 05, 2022

အာဏာဖီဆန်လှုပ်ရှားမှုအား CDM ဆရာ၊ ဆရာမများနှင့်အတူ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အခြေခံပညာ ကျောင်းသားသမဂ္ဂ-အကသ(ဗကသများအဖွဲ့ချုပ်)က ယနေ့ ထုတ်ပြန်ထားသည်။

စစ်အစိုးရ အဆက်ဆက်သည် စစ်အာဏာရှင်စနစ်အား သက်ဆိုးရှည်စေမည့် ပညာရေးစနစ်တစ်ခုလုံးကို စနစ်တကျဖျက်ဆီးခဲ့သည်မှာ ယနေ့အထိဖြစ်ကြောင်း၊ ဖက်ဆစ်စစ်တပ်၏ ပညာရေးယန္တရားအောက်တွင် တာဝန်ထမ်းဆောင်ခြင်းမရှိဘဲ CDMတွင်ပါဝင်သည့် ဆရာ၊ ဆရာမများကို လေးစားဦးညွတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖက်ဆစ် စစ်တပ်သည် အာဏာသိမ်းချိန်မှစပြီး CDMတွင်ပါဝင်သည့် ဆရာ၊ ဆရာမ ပညာရေးဝန်ထမ်းများကို ဖမ်းဆီး၊ သတ်ဖြတ်မှုများ ယနေ့ထိကျူးလွန်နေပြီး၊ ဗဟိုချုပ်ကိုင်မှုလွန်ကဲပြီး ဒီမိုကရေစီပညာရေးနှင့်ဆန့်ကျင်ကာ စစ်ဝါဒသွတ်သွင်းထားသည့် စစ်ကျွန်ပညာရေးစနစ်ဖျက်သိမ်းရာတွင် ဆရာ၊ဆရာမများသည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဖက်ဆစ်စစ်တပ်ကို နေရာအသီးသီးတွင် တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော ဆရာ၊ ဆရာမများအား ယနေ့ ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့တွင် အကသမှ လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း၊ မပြီးဆုံးသေးသည့် လူထုတော်လှန်ရေးတွင် အဖိနှိပ်ခံလူထုလွတ်မြောက်ကာ ဒီမိုကရေစီပညာရေးစနစ် အခိုင်အမာတည်ဆောက်နိုင်သည်အထိ အာဏာဖီဆန်လှုပ်ရှားမှု CDMတွင်ပါဝင်သည့် ဆရာ၊ ဆရာမများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်မည်ဟု အကသမှ ကတိပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။