အာဆီယံ အစည်းအဝေး မဖိတ်သည့်အတွက် ဆုံးဖြတ်ချက်များမလိုက်နာနိုင်ဟု အကြမ်းဖက် ဖက်ဆစ်တပ်ဆို

Author လင်းခိုင်
Categories
Published on Oct 28, 2022

အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအဝေးကို မဖိတ်သည့်အတွက် ဆုံးဖြတ်ချက်များ မလိုက်နာနိုင်ကြောင်း အကြမ်းဖက် ဖက်ဆစ်တပ်က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၇ ရက်တွင် အင်ဒိုနီးရှားနိုင်းငံ၊ ဂျကာတာမြို့တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ၏ အထူးအစည်းအဝေးကို အာဆီယံဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံက မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားခဲ့သည်။

ထိုအစည်းအဝေးကို အကြမ်းဖက် ဖက်ဆစ်တပ်အား မဖိတ်သည့်အတွက် အာဆီယံ ၉ နိုင်ငံဖြင့်သာ ဆွေးနွေး သဘောတူညီခဲ့သည့်အချက်များကို လိုက်ပါ ဆောင်ရွက်မည်မဟုတ်ဟု မြန်မာဖက်ဆစ်တပ်က ဆိုသည်။

အကြမ်းဖက် ဖက်ဆစ်တပ်သည် နိုင်ငံရေးထွက်ပေါက်အဖြစ် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ရွေးကောက်ပွဲပြန်လည် ကျင်းပရန် ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များဖြင့် အာဆီယံအစည်းအဝေးတက်ရောက်နိုင်ရန် ဆောင်ရွက်ခဲ့သော် လည်း ယင်းတို့ကို အာဆီယံ ဥက္ကဌက ဖိတ် ကြားခဲ့ခြင်းမရှိသောကြောင့် ထုတ်ပြန်ချက်ထုတ်ပြီး အာဆီယံ အစည်းအဝေးဆုံးဖြတ်ချက်များကို မလိုက်နာနိုင်ဟု ပေါ်ပေါ်တင်တင် ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက် ဖက်ဆစ်တပ်အနေဖြင့် အာဆီယံမှ ချမှတ်ထားသည့် ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း လိုက်ပါဆောင်ရွက်ခြင်း မရှိသောကြောင့် ကုလသမဂ္ဂအပြင် နိုင်ငံတကာ မှ ထောက်ပြဝေဖန်နေမှုများ ပြုလုပ်လျက်ရှိသည်။

အာဆီယံ၏ ထိပ်သီးအစည်းအဝေးပွဲများအားလုံးကို အကြမ်းဖက် ဖက်ဆစ်တပ်အား ဖိတ်ကြားခြင်းမပြုရန် အရပ်ဘက်အဖွဲ့အစည်း ၄၅၇ ဖွဲ့က အောက်တိုဘာ ၂၅ ရက်တွင် တောင်းဆိုချက်ထုတ်ပြန်ခဲ့သည်။

မြန်မာဖက်ဆစ်တပ်၏ နိုင်ငံရေးနှင့် နိုင်ငံရေးမဟုတ် သော ကိုယ်စားလှယ်အားလုံးကို ထိပ်သီးအစည်းအဝေးများနှင့် အခြားအစည်းအဝေးများသို့ ဖိတ် ကြားခြင်းကို ရပ်ဆိုင်းပြီး၊ ယင်းအစား အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသား ညီညွတ်ရေးအစိုးရကို ပံ့ပိုးကူညီမှုများ လုပ်ဆောင်သင့်သည်ဟု တောင်းဆိုချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် လပေါင်း ၂၀ အတွင်း မြန်မာဖက်ဆစ်တပ်သည်သည် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇ ၀တ်မှုများ အဆက်မပြတ်ကျူးလွန်ခဲ့ပြီး၊ အာဆီယံ ၏ ဘုံ သဘောတူညီချက် ၅ ရပ်ကို မြန်မာဖက်ဆစ်တပ်က လိုက်နာခြင်းမရှိကြောင်း ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်သည် အချည်းနှီး သတိပေးချက် များသာ ဖြစ်သည်ဟု ဆိုသည်။