အာဆီယံအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဆိုပါက EAO များအပြင် စစ်ကောင်စီနှင့်ပါဆွေးနွေးသင့်ဟု RCSS ထုတ်ပြန်ထားပြီး NUG၊ CRPH တို့ကို ထည့်သွင်းမဖော်ပြထား
အာဆီယံအနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဆိုပါက EAOများအပြင် စစ်ကောင်စီနှင့်ပါ ဆွေးနွေးသင့်ကြောင်း RCSS က ယနေ့ထုတ်ပြန်ထားသော်လည်း NUG၊ CRPH တို့ကို ထည့်သွင်း မဖော်ပြထားကြောင်း သိရသည်။
ကျင်းပပြီးစီးခဲ့သည့် အကြိမ် ၄၀ နှင့် ၄၁ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၏ ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ကြိုဆိုပြီး မြန်မာနိုင်ငံရေး အကျပ်အတည်းဖြေရှင်းရာတွင် အာဆီယံကို အချက်လေးချက် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါအချက်များသည် ၁၉၄၇ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်နိုင်မှ နိုင်ငံရေးပြသနာများ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲပြသနာကို ဦးတည်ပြီး ဖြေရှင်းခြင်းသည် အရင်းခံနိုင်ငံရေးပြသနာအား ဖြေရှင်းခြင်းမဟုတ်သဖြင့် လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ပြင် အာဆီယံအနေဖြင့် တွေ့ဆုံဆွေးနွေးမည်ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ(EAO)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ)၊ နိုင်ငံရေးပါတီများ၊ တတ်သိပညာရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအ၀င် Stakeholders များအားလုံးနှင့်တွေ့ဆုံဆွေးနွေးပြီး ဝိုင်း၀န်းကြိုးပမ်း နည်းလမ်းရှာနိုင်မှသာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) အသိသက်သေနိုင်ငံများ၊ အဖွဲ့အစည်းများအနေဖြင့် ပါ၀င်ကူညီပံ့ပိုးရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
RCSSအနေဖြင့် အာဆီယံသို့ အချက်လေးချက်တောင်းဆိုရာတွင် ဆွေးနွေးမှုများပြုလုပ်ရာ၌ စစ်ကောင်စီကို ထည့်သွင်းဆွေးနွေးရန်တောင်းဆိုထားသော်လည်း ပြည်သူများလက်ခံထားသည့် NUG၊ CRPH တို့အားထည့်သွင်းဖော်ပြထားခြင်းမရှိပေ။