အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ စစ်ကောင်စီအား ဖိတ်ကြားခြင်းအတွက် Justice For Myanmarရှုတ်ချ

Author CJ Platform
Categories
Published on Aug 27, 2022

#CjPlatform
🖋လင်းခိုင်
အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ စစ်ကောင်စီ ရေတပ်ဦးစီးချုပ် မိုးအောင်အား ဖိတ်ကြားခြင်းအတွက် အာဆီယံနှင့် အင်ဒိုနီးရှားကို ရှုတ်ချကြောင်း Justice For Myanmarက ယနေ့ ထုတ်ပြန်ထားသည်။
ယင်းအစည်းအဝေးတွင် စစ်ရေးလေ့ကျင့်မှုများနှင့် လက်နက်ကုန်စည်ပြပွဲများတွင် ပါဝင်တက်ရောက်ရန် ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီမီဒီယာများက ဖော်ပြခဲ့သည်။
အာဆီယံရေတပ်အစည်းအဝေးသည် မြန်မာစစ်တပ်မှ ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ၅နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
မြန်မာစစ်တပ်၏ ရေတပ်သည် ရိုဟင်ဂျာရွာသားများကိုတို က်ခိုက်ရန် ၂၀၁၇ ခုနှစ်တွင် ရေတပ်သင်္ဘောများဖြင့် ခြေလျင်တပ်ရင်းများကို သယ်ယူပို့ဆောင်ပေးခဲ့ပြီး ရက္ခိုင့်တပ်တော်ကို ထိုးစစ်ဆင်ရာတွင်လည်း ရေတပ်မှ အရပ်သားများကိုပစ်ခတ်ခြင်းနှင့် ရွာသားများကိုနှိပ်စက်ပြီး စစ်သင်္ဘောများပေါ်တွင် ဖမ်းဆီးခြင်းများရှိခဲ့သည်ဟု Justice For Myanmarက ဆိုသည်။
အာဆီယံအနေဖြင့် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို အရေးယူရန် အကြိမ်ကြိမ်ပျက်ကွက်ခဲ့ရုံသာမက မြန်မာစစ်တပ်အား ပံ့ပိုးကူညီနေပြီး ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု Justice For Myanmarက ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားသည်။
အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးနှင့် ကာကွယ်ရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ခြင်းသည် အာဆီယံက မြန်မာစစ်တပ်၏ ကြမ်းကြုတ်သောရာဇဝတ်အမှုများကို ကူညီပေးနေခြင်းဖြစ်ကြောင်း Justice For Myanmarက ထောက်ပြထားသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် မြန်မာစစ်တပ်အား အစည်းအဝေးများနှင့် လှုပ်ရှားမှုအားလုံးမှ ထုတ်ပယ်ရန် Justice For Myanmarက တောင်းဆိုထားသည်။