အာဆင်နယ်ပွဲကို ရုပ်ဖျက်ပြီးသွားကြည့်သည့် ဝမ်းတွင်းမြို့မရဲစခန်းမှူး သေနတ်ဖြင့် ပစ်ခံရပြီးသေ

Author အောင်နိူင်သူ
Categories
Published on Oct 10, 2022

အာဆင်နယ်နှင့်လီဗာပူးလ် ပွဲကိုရုပ်ဖျက်ပြီး လက်ဖက်ရည်ဆိုင်တွင် သွားကြည့်သည့် ဝမ်းတွင်းမြို့ မြို့မရဲစခန်းမှ စခန်းမှူးရဲအုပ်တစ်ဦး ယမန်နေ့ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေသွားသည်ဟု မြိုခံများထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဆိုသူသည် ရဲတပ်သားနှစ်ဦးကို ခေါ်၍ ရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေစဥ် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စခန်းမှူးမှန်း ဘယ်သူမှ မသိဘူး ခေါင်းစွပ် ဦးထုတ်လေးနဲ့ လာကြည့်တာ ရဲတပ်သားက အဘ ကွမ်းယာစားအုံးမလားဆိုပြီး ကွမ်းပေးမှ အပစ်ခံရတာ ပွဲချင်းပြီးပဲ”ဟု CJ Platform ကိုပြောသည်။

ဝမ်းတွင်းမြို့မစခန်းမှူးအား အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်နေစဥ် ရဲဘော်နှစ်ဦး ထွက်ပြေးသွားသည့်အတွက် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အတူပါသွားတဲ့ ရဲနှစ်ယောက်က ဟိုမှာ သေနတ်နဲ့ပစ်နေပြီ ပြေးဆိုပြီး ပြေးတာ ကျန်ခဲ့တဲ့ စခန်းမှူးကို ဝိုင်းပစ်တာ ယာယီစခန်းမှူးတာဝန် ရထားတာတောင် မကြာသေးဘူး”ဟု CJ Platform ကိုပြောသည်။

သေဆုံးသူမှာ ဝမ်းတွင်းမြို့မရဲစခန်းမှ ယာယီစခန်းမှူးတာဝန်ယူထားသူ ဗိုလ်စော(ခ)ရဲအုပ်စောနိုင်ဦး ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ ခြောက်ချက်ရရှိကာ သေဆုံးသွားပြီး ရုပ်အလောင်းကို ဝမ်းတွင်းမြို့မဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီးနောက် ဝမ်းတွင်းမြို့မရဲစခန်းတွင် စစ်ကောင်စီတပ်များ အင်အားအပြည့်ချထားပြီး မြို့ပေါ်နှင့်ရပ်ကွက်လမ်းဆုံများတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဝမ်းတွင်းမြို့မရဲစခန်းမှူး မျှော်လင့်စောင့်ဆိုင်းခဲ့ရသည့် အာဆင်နယ်- လီဗာပူးလ် ပွဲစဉ်တွင် အာဆင်နယ် အသင်းမှ ၃ဂိုး၂ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မာတင်နယ်လီ(၁ မိနစ်)၊ ဆာကာ(၄၅+၅ မိနစ်၊ ၇၆ မိနစ် Pen) ၊ဒါဝင်နူးနက်ဇ်(၃၄ မိနစ်)၊ ဖေမီနို(၅၃ မိနစ်)တို့မှ အသီးသီး ဂိုးသွင်းယူခဲ့သည်။

ပစ်ခတ်ရှင်းလင်းခံခဲ့ရသည့် ရဲစခန်းမှူး ဗိုလ်စော(ခ) ရဲအုပ်စောနိုင်ဦးမှာ မည်သည့် အသင်းကို အားပေးသူဖြစ်သည်ကိုမူ CJ Platformအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။