အသံတိတ်လူသတ်လက်နက် (သို့) Heat Stroke
လက်ရှိမြန်မာနိုင်ငံရဲ့ နွေရာသီက အတော်လေး ပူပါတယ်။ တရိပ်ရိပ် တက်လာတဲ့ အပူချိန်နဲ့ အတူ ကျန်းမာရေးပြဿနာတွေကလဲ တွဲလျက်ကပ်ပါလာစမြဲပေါ့။ အဲဒီထဲက တစ်ခုက Heat Stroke လို့ ခေါ်တဲ့ အပူလျှပ်တာပါ။ CJ Platform ရဲ့ ဒီတစ်ပတ် သိစေချင်လို့ ကဏ္ဍမှာ နွေရာသီရဲ့ အပူရှိန်ကြောင့် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ Heat Stroke အကြောင်းကို ပြောပြပေးချင်ပါတယ်။
Heat Stroke လို့ ခေါ်တဲ့ အပူလျှပ်တယ်ဆိုတာ ပြင်းထန်တဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးပြီး သတိလစ်တာမျိုးပါ။ အတော်များများက အပူလျှပ်တယ်ဆိုရင် သာမန်ကာလျှံကာပဲ တွေးတတ်ကြပါတယ်။ တကယ့်တကယ်တမ်းတော့ Heat Stroke ဖြစ်ပြီဆိုရင် မူးလဲတာ၊ သတိလစ်တာကနေ စလို့ အကြောသေ၊ အကြောဆိုင်းတာကနေ ဦးနှောက်သွေးကြောပြတ်တဲ့အထိကို ဖြစ်တတ်ပါတယ်။
ဒါဆိုရင် ဘာလို့ အပူလျှပ်ရတာလဲ . . . ?
လူတွေရဲ့ ခန္ဓာကိုယ်အပူချိန်က ပြင်ပမှာရှိတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြုပြင်ပြောင်းလဲ နေထိုင်ရပါတယ်။ ဒါပေမဲ့ ပြင်ပ အပူချိန်က ရုတ်တရက်ကြီး မြင့်တက်လာတဲ့အခါ ခန္ဓာကိုယ်က အဲဒီတက်လာတဲ့ အပူချိန်နဲ့ လိုက်လျောညီထွေဖြစ်အောင် မထိန်းချုပ်နိုင်ဘဲ Heat Stroke ဖြစ်ရတာပါ။ ဖြစ်တဲ့အခါမှာလဲ ကလေးလူကြီးမရွေး အရွယ်စုံမှာ ဖြစ်တတ်တာမို့ ဂရုစိုက်ဖို့ လိုပါတယ်။ နောက်ပြီး ဖြစ်တဲ့အခါမှာလဲ အချိန်မီကုသတာမျိုး၊ လိုအပ်တဲ့ အကူအညီမျိုး မရဘူးဆိုရင် အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။
အပူလျှပ်တာကို ဖြစ်စေတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ရာသီဥတု အင်မတန် ပူနေချိန် အလှုပ်အရှားများတာ၊ အားကစားလေ့ကျင့်ခန်းလုပ်တာနဲ့ အယ်လ်ကိုဟောသောက်သုံးတာတွေလဲ ပါပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျန်းမာရေး ကျွမ်းကျင်သူ ကိုမောင် (အမည်လွှဲ) က CJ Platform ရဲ့ မေးမြန်းချက်ကို အခုလို ဖြေကြားပါတယ်။
“Heat Stroke ဘာကြောင့်ဖြစ်ရလဲဆိုရင် အကြောင်းပြချက်လေးခုလောက်တော့ ရှိတယ်။ ပထမဆုံးတစ်ခုက အပြင်က ရာသီဥတုတအားပူလို့။ အပြင်မှာ ရာသီဥတုတွေ ပူလာပြီဆိုတာနဲ့ ဒီ အပူလျှပ်တာတွေက များလာတာပဲ။ ပြီးတော့ နေပူထဲမှာ အရမ်းအလုပ်လုပ်ရတဲ့ သူတွေလဲ ဖြစ်ကြတယ်။ ပင်ပင်ပန်းပန်းလုပ်ရတာတော့ ရေဓာတ်၊ ဆားဓာတ် ခမ်းပြီး ဖြစ်တာမျိုး။ တတိယကတော့ နွေရာသီကြီးမှာ ချွေးမထွက်ဘဲနဲ့ ချွေးအောင်းနေတဲ့သူတွေပေါ့။ အဲဒီလိုလူမျိုးတွေမှာလဲ ဖြစ်တတ်တယ်။ နောက်ဆုံးတစ်ခုက အရက်အင်မတန်သောက်ကြသူတွေပေါ့။ ခန္ဓာကိုယ်တွင်းမှာ အယ်လ်ကိုဟောကြောင့် ပူနေချိန်မှာ အပြင်က ရာသီဥတုနဲ့ ပေါင်းလိုက်တော့ လုံးဝ တက်သွားတာပဲ။” လို့ သူက ပြောပါတယ်။
အပူလျှပ်တာက ပြင်ပ ရာသီဥတုအပူချိန်နဲ့ ဆိုင်သလို ခန္ဓာကိုယ်အပူချိန်နဲ့လဲ တိုက်ရိုက် သက်ဆိုင်နေပြန်ပါတယ်။ Heat Stroke ဖြစ်နေတဲ့ သူတစ်ယောက်က ပျမ်းမျှခန္ဓာကိုယ် အပူချိန် ၁၀၆ ဒီဂရီစင်တီဂရိတ်လောက် ရှိတတ်ပါတယ်။
“ဖျားတဲ့သူတစ်ယောက်ရဲ့ အပူချိန်ကို မိနစ် ၂၀ လောက်အတွင်း ရောက်သွားတတ်တယ်။ အဲဒီလိုထိုးတက်တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေက လိုက်ထိန်းညှိတာမျိုး မလုပ်နိုင်တော့ဘဲ ကမောက်ကမဖြစ်ကုန်တာပေါ့။ အဲဒီလိုဖြစ်ရင် အသိစိတ်လွတ်သွားတာမျိုးတွေ၊ သတိလစ်သွားတာမျိုးတွေ၊ ရုတ်တရက် တဂစ်ဂစ်နဲ့ တက်သွားတာမျိုးတွေထိတောင် ဖြစ်နိုင်တယ်။” လို့ သူက ဆက်ပြောပါတယ်။
ကျန်းမာရေးပညာရှင်တွေရဲ့ ပြောကြားချက်အရ အပူလျှပ်တာဟာ အချိန်မီသိရင် လိုအပ်တဲ့ ကုသမှုမျိုး ပေးနိုင်တဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဖြစ်နေတာကို သတိမထားမိဘဲ သာမန်ဖျားနာရုံလောက်ပဲ သဘောထားမိပြီး ပေါ့ဆရင်တော့ အသက်အန္တရာယ် သေဆုံးနိုင်တဲ့ထိကို ပြင်းထန်တာပါ။
ဒါဆိုရင် Heat Stroke အပူလျှပ်ဖြစ်စဉ်ရဲ့ လက္ခဏာတွေကရော . . . ?
“Heat Stroke က တစ်ခု ထူးခြားတာက မဖြစ်ခင်မှာ ရှေ့ပြေးလက္ခဏာမျိုး ထူးထူးခြားခြား မပြဘဲ ဖြစ်တော့မှ ဝုန်းဒိုင်းကောက်ဖြစ်တတ်တာမျိုးမို့ နဂိုတည်းက သတိထားပြီး နေမှ ရပါမယ်။” လို့ ကိုမောင်က ဆိုပါတယ်။
လက္ခဏာတွေက အခြေအနေပေါ် မူတည်ပြီး ကွဲပြားတာမျိုးတွေရှိပေမဲ့ ဒီအချက်တွေကတော့ ဘုံတူညီပါတယ်။
– ကြွက်တက်တာ
– မူးဝေအော့အန်တာ
– ပင်ပန်းပြီး နုံးချိနေတာ၊ မအီမသာဖြစ်တာ
– ချွေးအထွက်လွန်တာ
– သတိလစ် (သို့) တက်တာ
– ရုတ်တရက် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာတာ
– စကားတွေ တောင်စဉ်ရေမရ ပြောလာတာ
– အသိစိတ်လွတ်တာမျိုးတို့ပါ။
အကယ်၍ ကိုယ်က အဲဒီလက္ခဏာတွေ နှစ်ခုနဲ့အထက် ပြနေပြီဆိုရင် လိုအပ်တဲ့ ကုသမှုတွေ ခံယူသင့်ပါတယ်။ ဆေးရုံဆေးခန်းကို သွားတာ အကောင်းဆုံးပေမဲ့ ရုတ်တရက်ဖြစ်တဲ့ အခြေအနေမှာဆိုရင်
– ပန်ကာ ဒါမှမဟုတ် လေအေးပေးစက်ရှိတဲ့ နေရာ၊ အရိပ်ရှိတဲ့နေရာကို လူနာကို အရင်ပို့ပါ။
– ပြီးရင် ခန္ဓာကိုယ်ကို လှဲခိုင်းလိုက်ပြီး ခန္ဓာကိုယ်ပေါ်၊ မျက်နှာပေါ်ကို ရေအေးအေးဖြန်းပေးပါ။
– လူနာက သတိလစ်မနေရင် ရေ ဒါမှမဟုတ် ဓာတ်ဆားများများတိုက်ပေးပါ။
– အဝတ်အစားတွေအကုန်ချွတ်ပြီး အပူကျအောင် ရေပတ်တိုက်ပေးပါ။
အဲဒီလို အရေးပေါ် ရှေးဦးသူနာပြုနည်းတွေ သုံးပြီး သက်သာအောင် ဆောင်ရွက်ပေးလို့ ရပါတယ်။ သတိလစ်တဲ့၊ တက်တဲ့ အဆင့်အထိ မရောက်ခင် ဒီအဆင့်တွေကို သေချာလုပ်ပေးရင် အမြန်သက်သာလာနိုင်ပါတယ်။ ဒါပေမဲ့ အပူချိန်က တက်ပြီးရင်း ထိုးတက်လာပြီး ချွေးတွေ အဆမတန် ထွက်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ ဆေးခန်းကို အချိန်မီ ပို့ပေးဖို့ လိုပါတယ်။ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဆေးရုံဆေးခန်းကို ရတဲ့နည်းနဲ့ သွားတာက အကောင်းဆုံးနည်းပါ။
အပူလျှပ်တာကို ဘယ်လိုကာကွယ်ရမလဲ . . . ?
အဲဒါနဲ့ ပတ်သက်လို့ ကိုမောင်က “နေပူထဲက ပြန်လာလာချင်း ခန္ဓာကိုယ်အတွင်း အပူချိန်တွေကို ကမောက်ကမဖြစ်သွားစေမဲ့ အရမ်းအေးတဲ့ ရေခဲရေလိုဟာမျိုးကို မသောက်တာမျိုး၊ ရာသီဥတုအရမ်းပူနေချိန်မှာ နေပူထဲကို ဘာအဆောင်းအကာမှ မပါဘဲ မသွားဘဲ ထီးဖြစ်ဖြစ် ယူသွားတာမျိုး၊ အရိပ်ရတဲ့ နေရာမှာ နေပြီး ရေသောက်တာတို့၊ ဓာတ်ဆားသောက်တာတို့၊ ဒါမျိုးလေးတွေ ဂရုစိုက်မယ်ဆိုရင်တော့ အပူလျှပ်တာကို အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။
ဒါ့အပြင်ကို နေပူထဲမှာ အလုပ်လုပ်ရသူတွေ အနေနဲ့ ရေဓာတ်ဆုံးရှုံးမှုနည်းအောင် ရေများများသောက်ပေးတာ၊ အရိပ်ကောင်းတဲ့ နေရာတွေမှာ မကြာခဏ အနားယူပေးတာ၊ ချောင်ချောင်ချိချိ အဝတ်အစားတွေ ဝတ်ပေးတာ၊ နေပူထဲက လာတာနဲ့ အအေးခန်းလို နေရာမျိုး ရုတ်တရက်မဝင်ဘဲ ခဏနားတာ၊ လှောင်ပိတ်တဲ့ နေရာမှာ မနေတာမျိုးနဲ့ ရှောင်ကြဉ်နိုင်ပါတယ်။
“အဓိကက Heat Stroke ဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန် မညီမျှတော့တာကနေ ဖြစ်လာတာမို့ ပြင်ပ အပူချိန်မြင့်လေလေ ဂရုစိုက်ဖို့ လိုလေလေပါပဲ။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော၊ နောက် ယမကာလုလင်တွေပါ ဂရုစိုက်ရမှာမို့ မပေါ့မဆဘဲ ဂရုပြုကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ကိုမောင်က CJ Platform ကို ပြောပြပါတယ်။
ကဲ . . . ဒီလောက်ဆိုရင်တော့ စာဖတ်သူတို့အနေနဲ့လဲ Heat Stroke အပူလျှပ်တာနဲ့ ပတ်သက်လို့ အထိုက်အလျောက် သိသွားပြီလို့ ထင်ပါတယ်။ နောက်တစ်ပတ်မှာ ပြန်ဆုံပါမယ်။