အသက် ၈၀ အရွယ်အဖိုးအိုတစ်ဦးနှင့် အဖွားတစ်ဦးတို့အား မိသားစုများမှ လမ်းဘေး၌ စွန့်ပစ်ခဲ့

Author မေ
Categories
Published on Oct 30, 2022

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၌ အောက်တိုဘာ ၂၉ရက်က အသက် ၈၀ အရွယ်အဖိုးအိုတစ်ဦးနှင့် အဖွားတစ်ဦးတို့အား မိသားစုများမှ လမ်းဘေး၌ စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၉ရက် ညနေ ၅နာရီခွဲက တောင်ငူမြို့ ၊ ရွှေလင်းယုန် ဘုန်းကြီးကျောင်းရှေ့တွင် အဖိုးအိုတစ်ဦးအား မိသားစုမှ စွန့်ပစ်သွားကြောင်း သတင်းအရ ကူညီရန် နီးစပ်ရာ ပရဟိတအဖွဲ့ တစ်ခုက သွားရောက်ခဲ့သည်။ အဆိုပါ နေရာအရောက်၌ အဖိုးအိုတစ်ဦးအား တွေ့ရပြီး မေးမြန်းရာ အသက် ၈၀အရွယ် ဦးရာကျော်ဆိုသူဖြစ်ပြီး တောင်ငူမြို့သစ်၌ နေထိုင်ပြီး သားနှစ်ယောက်ရှိကြောင်း ပြောကြားခဲ့ဟု သိရသည်။ ၎င်းကို ချွေးမများက ကွန်ဒေါင်း (သုံးဘီးဆိုင်ကယ်)ဖြင့် ယခုနေရာ၌ လာရောက်စွန့်ပစ်ခြင်းဟု ပြောကြားခဲ့ပြီး ကူညီရေး အဖွဲ့များမှ ဆေးကုသမှုနှင့် တာဝန်ယူစောင့်ရှောက်ပေးမည့် ရိပ်သာတစ်ခုသို့ ပို့ပေးမည်ဟု သိရသည်။

အလားတူ အောက်တိုဘာ ၂၉ရက် ညနေ ၅နာရီကလည်း တောင်ငူမြို့ သူနာပြုကျောင်းရှေ့၌ အဖွားအိုတစ်ဦးအား ၎င်းဧ၊် သမီးဖြစ်သူမှ သုံးဘီးဆိုင်ကယ်ဖြင့် လာရောက်စွန့်ပစ်ထားခဲ့မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ အဖွားအိုအား ကူညီရေးအဖွဲ့များမှ သင့်တော်ရာ ရိပ်သာတစ်ခုသို့ ပို့ဆောင်ပေးမည်ဟုလည်း သိရသည်။

ဝင်ငွေနည်းပါးမှု၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု၊ နိုင်ငံ့စီးပွားရေးကျဆင်းနေမှု အပါအဝင် အထွေထွေကျပ်တည်းမှုများကြောင့် နိုင်ငံတစ်ဝန်း၌ တစ်နေ့စားရရုံ ဝင်ငွေဖြင့် လူတစ်ကိုယ်စာပင် ဝမ်းရေးကို ခက်ခဲစွာ ဖြေရှင်းနေရသူ များစွာ ရှိလာသည်။ ထိုသို့ ဝမ်ရေးကို ခက်ခဲစွာ ဖြေရှင်းနေရမှုမှ ပိုမို ကျပ်တည်းလာသည့်အခါ မိသားစု၌ သက်ကြီးရွယ်အိုများမှာ ဓါးစာခံဖြစ်လာရသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုများကိုပင် မစောင့်ရှောက်နိုင်တော့ခြင်း၊ အသိပညာ နည်းပါးခြင်းတို့ကြောင့် လမ်းဘေး၌ စွန့်ပစ်မှုများပင် ရှိလာသည်။

” ဘယ်လို အခြေအနေဘဲ ရောက်ရောက် သက်ကြီး အဖိုးအဖွားတွေကို လမ်းဘေးမှာ မစွန့်ပစ်ကြပါနဲ့ဗျာ။ သူတို့တွေအရမ်းနာကြင်ခံစားရပါတယ်။”ဟု ပရဟိ တအဖွဲ့တစ်ခုမှ အသင်းသားတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၂ရက်ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ၈မိုင်ဂုံးကျော်တံတားအောက်၌ အ သက် ၇၀ကျော် အဖိုးအိုတစ်ဦးအား မိသားစုက စွန့်ပစ်သွား၍ ပရဟိတအဖွဲ့တစ်ခုမှ သန်လျင်ရှိ ရိပ်သာတစ်ခုသို့ ပို့ဆောင်ကူညီပေးခဲ့ရသည်။