အသက်၁၈နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံကို အရေးယူနိုင်ရန်ဆောင်ရွက်နေဟု ULAထုတ်ပြန်

Author လင်းခိုင်
Categories
Published on Aug 31, 2022

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် အသက်၁၈နှစ်အရွယ် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခဲ့သည့် တရားခံကို အရေးယူနိုင်ရန်ဆောင်ရွက်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ယနေ့ထုတ်ပြန်ထားသည်။

ဖြစ်စဥ်သည် သြဂုတ် ၁၅ရက် ညနေ၆နာရီခန့်က စစ်တွေမြို့နယ် ဘောလုံးကွင်းရပ်ကွက် မေယုလမ်းရှိ ပလပ်စတစ်ပစ္စည်းနှင့် လူသုံးကုန်ရောင်းဝယ်ရေးဆိုင်၌ အလုပ်လုပ်သည့် အသက်၁၈နှစ်အရွယ် မနွယ်သန္တာဝင်းသည် ယင်းဆိုင်စတိုခန်းထဲ၌ ဝမ်းဗိုက်ဓားထိုးဒဏ်ရာများ လည်ပင်းညိုမဲဒဏ်ရာများဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းရာ လူသတ်တရားခံအား စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး လူသတ်တရားခံအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ပြစ်မှုကျူးလွန်သည့်တရားခံကို ဖော်ထုတ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ရက္ခိုင်ပြည်သူ့အစိုးရ ရက္ခိုင်ပြည်သူ့ရဲတပ်ဖွဲအနေဖြင့် ပြည်သူ့လုံခြုံရေး တရားမျှတမှုရှိစေရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို အချိန်နှင့် တပြေးညီဆောင်ရွက်လျက်ရှိပြီး ပြည်သူများမှတာဝန်သိစိတ်ဖြင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်ရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တရားစီရင်ရေးနှင့်အုပ်ချုပ်ရေးလုပ်ငန်းများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ရက္ခိုင်ပြည်သူ့အစိုးရမှ ဆောင်ရွက်နေခြင်းဖြစ်သည်။