အလှူ/မင်္ဂလာဆောင်အတွက် အသံချဲ့စက်/Sound box ဖွင့်လိုပါက ကျပ်ငါးသောင်းမှ တစ်သိန်းအထိ အုပ်/မှူးများကို ပေးရဟုဆို

Author ကိုထက်
Categories
Published on Jan 24, 2024

ရန်ကုန်တွင် မြို့နယ်အချို့ရှိ ရပ်ကွက်များအတွင်း အလှူ/မင်္ဂလာဆောင် စသည်တို့တွင် အသံချဲ့စက်/Sound Box များဖွင့်လိုပါက ကျပ်ငါးသောင်းမှ တစ်သိန်းအထိ အုပ်ချုပ်ရေးမှူးများကိုပေးရကြောင်း ပေးခဲ့ရသူများ၏ ပြောကြားချက်အရ သိရသည်။

 

အသံချဲ့စက်/Sound box ဖွင့်လိုသူများအနေဖြင့် ရာအိမ်မှူးများမှတစ်ဆင့် အသိပေးပြီး အုပ်ချုပ်ရေးမှူးရုံးထံသို့ ငွေပေးရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

 

“ သူတို့ကဖွင့်မယ်ဆိုရင် အကြောင်းကြားပေါ့။ ရာအိမ်မှူးကို အရင်သွားပြောရတယ်။ သူကနေ အုပ်ချုပ်ရေးမှူးကို လှမ်းပြောပေးတယ်။ ည ၉ နာရီအထိပေါ့။ အဲဒီအချိန်အတွင်းပဲ အချိန်ကျော်သွားရင် စစ်ကားပါရောက်လာပြီး ပြောတယ်။ ပိုက်ဆံက ငါးသောင်းကနေ တစ်သိန်းအထိပေးရတယ် ” ဟု လှိုင်သာယာမြို့နယ်နေသူ တစ်ဦးက ပြောသည်။

 

ရန်ကုန်၏ ဆင်ခြေဖုံးမြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်လေးမြို့နယ်အပါအဝင် ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် စသည့်ရပ်ကွက်များရှိ အုပ်ချုပ်ရေးမှူးများသည် အကြောင်းအမျိုးမျိုးပြ၍ ပြည်သူများထံမှ ငွေညှစ်ခြင်းများ ပိုမိုဆိုးရွားလာကြောင်း သိရသည်။

 

“ဟိုရက်က ကျွန်တော်တို့ရပ်ကွက်ထဲ ဟိန္ဒူရိုးရာဘုရားပွဲမှာ အသံချဲ့စက်ဖွင့်မှာမလို့ သွားပြောပြီး သူတို့ သတ်မှတ်တဲ့အတိုင်း ပေးထားတာကို ခဏခဏလာပြီးပြောနေတာ။ လာတိုင်း တစ်ခါလာ ငါးသောင်းပေးလိုက်ရပြန်ရော။ အဲဒီလိုတွေ လုပ်တာ။ ရန်တွေ၊ ဘာတွေဖြစ်ရင်တော့ စစ်ကားပါရောက်လာပြီး ခေါ်တော့တာပဲ” ဟု ဒလမြို့နယ်နေသူတစ်ဦးက ပြောသည်။

 

ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးအဖွဲ့များက ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

 

ဓာတ်ပုံ – ကိုထက်