အလုပ်သမား ၃၀၀ ကျော် အလုပ်ဖြုတ်ခံခဲ့သည့် Yangon Fukuyama Apparel စက်ရုံ အလုပ်သမားအရေး ယနေ့အထိ ပြေလည်မှုမရရှိသေး

Author ခေတ်နီ
Categories
Published on Dec 16, 2022

 

အလုပ်ရှင်မှ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း ခံလိုက်ရသည့် Yangon Fukuyama Apparel စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်၏ ရပိုင်ခွင့်များနှင့်ပတ်သတ်ပြီး ညှိနှိုင်းမှုသည် ယနေ့အချိန်အထိ ပြေလည်မှု မရှိသေးကြောင်း အဆိုပါ အလုပ်သမားများအရေး လိုက်ပါ ဆောင်ရွက်နေသူများထံမှ သိရသည်။

Yangon Fukuyama Apparel စက်ရုံမှ အလုပ်သမား ၃၀၀ ကျော်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အလုပ်ရှင်မှ အကြောင်းမဲ့ အလုပ်ထုတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ထိုသို့ အလုပ်ထုတ်ခံရစဥ်အတွင်း အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမားများကြား ညှိနှိုင်းမှုများသည် ယနေ့အချိန်အထိ ပြေလည်မှု မရရှိသေးတာပဲ ဖြစ်သည်။

“ဖြစ်တာက အရင်လ ၂၉ ရက်နေ့က ဖြစ်တာပေါ့ အဲ့လိုမျိုးအလုပ်ထုတ်ပြီး စက်ရုံဖက်က ၅ ရက်နေ့ လစာလိုချင်ရင် လက်မှတ်ထိုးဆိုပြီး ပြောတော့ အလုပ်သမားတွေက ထိုးပေးတယ် သူတို့ ကျနော်တို့နဲ့ လာတိုင်ပင်တော့ ပြဿနာမရှိဘူး အလုပ် ပြန်ဝင်ပါဆိုတော့ နောက်နေ့ အလုပ်သမားတွေက စက်ရုံရောက်တော့ အလုပ်ထဲကို စက်ရုံကပေးမဝင်ဘူး သူတို့လက်မှတ်ထိုးတဲ့စာရွက်မှာ အလုပ်ရှင်ဖက်က သူတို့ဖာသာစာရေးပြီး မိမိသဘောအရ ထွက်တယ်လုပ်ထားရော အဲ့တာနဲ့ အဲ့နေ့မှာပဲညှိတယ် စက်ရုံရယ် ကျနော်တို့ အလုပ်သမားတွေရယ် လေဘာရုံးက လူတွေရယ်နဲ့ အဲ့မှာ အလုပ်ရှင်က သူတယောက်ပဲ ဆုံးဖြတ်မရဘူးဆိုပြီး ပြောတယ် နောက်နေ့ကြတော့ အလုပ်ရှင်က လျော်ကြေးလဲမပေးဘူး အလုပ်လဲပြန်မခန့်ဘူးပြောတော့ ကျနော်တို့က မြို့နယ် ညှိနှိုင်းဖြန်ဖြေရုံးမှာ ညှိတယ်ပေါ့ မပြေလည်ခဲ့ဘူး”ဟု အဆိုပါ အလုပ်သမားများအရေး လိုက်ပါဆောင်ရွက်ပေးသူ တစ်ဦးဖြစ်သူ ကိုဇင်ဝေအောင်မှ ပြောသည်။

ထိုသို့ အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးထံ စာတင်ပြီး ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ပေမယ့် အလုပ်ရှင်ဘက်မှ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့ပဲ ကရုဏာကြေးသာ ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

“ကျနော်တို့က မြို့နယ်ရုံးကိုတက်တယ် အဲ့မှာညှိကြတော့ ပထမတကြိမ်မှာ မပြေလည်ဘူး အလုပ်ရှင်ဖက်က လျော်ကြေးလဲမပေးဘူး အလုပ်လဲပြန်မခန့်ဘူး ဖြစ်သွားတယ် ကရုဏာကြေးသိန်း ၃၀ ပေးမယ် ခွဲယူကြပေါ့ဆိုပြီး ပြောတယ် အဲ့တာကို အလုပ်သမားတွေက လက်မခံဘူး နောက်ဒုတိယအကြိမ်မှာ ကြတော့ အဲ့အတိုင်း သိန်း၄၀ပေးမယ်ဖြစ်လာတယ် နောက်ဆုံးအချိန်အထိ အဆင်မပြေတော့ ခုံသမာဓိကို လွှဲလိုက်တယ်ပေါ့”ဟု ကိုဇင်ဝေအောင်က ဆက်လက်ပြောကြားသည်။

ထိုကဲ့သို့ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှုများအဆင်မပြေခဲ့တာကြောင့် အလုပ်သမားများမှ ခုံသမာဓိရုံးအား တောင်းဆိုလွှာတင်ကာ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းတွင် အဆင်မပြေခဲ့ပါကာ ခုံကောင်စီသို့ပါ တက်ရောက်၍ ဆုံးဖြတ်ချက် ခံယူမည် ဖြစ်ကြောင်းလဲ သိရသည်။

“ကျနော်တို့ကို တောင်းဆိုလွှာတောင်းတော့ မနက်ပေးမယ် ခုံသမာဓိကို အဲ့ကနေ ပြေလည်မှုမရရင် တော့ ခုံကောင်စီတက်မယ် အခုချိန်မှာက သပိတ်မှောက်တာလုပ်ဖို့က အချိန်ကောင်းမဟုတ်ဘူးလေ ခုံသမာဓိနဲ့ မရရင်ကောင်စီမှာ ညှိမယ်ပေါ့ အဲ့ကမှမရရင်တော့ brand တွေနဲ့ပဲ ချိတ်ဆက်လုပ်ရတော့မှာပဲ”ဟု ကိုဇင်ဝေအောင်မှ ပြောသည်။

ထို့အပြင် အဆိုပါ Yangon Fukuyama Apparelသည် အလုပ်သမားများနှင့် အငြင်းပွားမှုမဖြစ်ခင်က အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအား စက်ရုံဖွင့်လှစ်ကြောင်း စာတင် အကြောင်းကြားခြင်း မပြုလုပ်ဘဲ ဖွင့်လှစ် လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမားများနှင့် ပြဿနာဖြစ်ပြီး နောက်တစ်ရက်တွင်မှ ဖွင့်လှစ်ကြောင်း စာတင်ခဲ့တာဖြစ်ကြောင်း၊ အလုပ်သမားများနှင့် အငြင်းပွားမှုဖြစ်နေစဥ်ကာလ အတွင်းမှာလည်း အလုပ်သမားများ ရပိုင်ခွင်ရှိသည့် ကျွမ်းကျင်ကြေးများကိုပါ ဖြတ်တောက်ထားခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အလုပ်သမား ၁ ဒသမ ၁သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ပြီး အထည်ချုပ်လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံ လုပ်သားအခွင့်အရေးချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုဆိုးရွားလာလျက်ရှိနေပြီး အလုပ်သမားရေးဖြေရှင်းရန် အစိုးရမှဖွဲ့စည်းထားသည့် ဌာနများမှာ လုပ်ငန်းရှင်များအပေါ် ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေမှုများသည် ပိုမိုဆိုးရွားလျက် ရှိနေတာပဲ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အထည်ချုပ်စက်ရုံ #လုပ်သားအခွင့်အရေး