အလုပ်ထုတ်ခံရသည့် ဝန်ထမ်းများကို မြန်မာပေါင်ချိန်စက်ရုံ အလုပ်ပြန်ခန့်သော်လည်း အလုပ်ရှင်၏ တဖက်သတ် စည်းမျဥ်းများကြောင့် အလုပ်ခွင်မဝင်ပဲ ပြန်လာကြရ

Author ခေတ်နီ
Categories
Published on Jan 02, 2023

 

လုပ်ခလစာတိုးပေးဖို့ တောင်းဆိုဆန္ဒပြတာကြောင့် အလုပ်ထုတ်ခံရသည့် ကမ္ဘာ့ဖလားအတွက် Adidas ဖိနပ်များကို ချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမားများကို အလုပ်ပြန်ခန့်ရန် စက်ရုံဖက်မှ သဘောတူခဲ့သော်လည်း အလုပ်ရှင်၏ တဖက်သတ်ဆန်သည့် စည်းမျည်းများကြောင့် ညှိနှိုင်းမှုများ မပြေလည်ခဲ့ဘဲ အလုပ်မဆင်း ပြန်လာခဲ့ရကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။

ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်တဲ့ Adidas ဖိနပ်များကိုချုပ်လုပ်သည့် မြန်မာပေါင်ချိန်စက်ရုံရှိ အလုပ်သမား ၂၀၀၀ ကျော်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ၎င်းတို့ရရှိသည့် တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို ကျပ် ၈၀၀၀အထိ တိုးပေးရန် စက်ရုံတွင်းတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ တောင်းဆိုဆန္ဒပြခဲ့တာကြောင့် အလုပ်သမားများနှင့် အလုပ်သမားသမဂ္ဂ ဦးဆောင်သူများ အပါအဝင် ၂၆ဦးကို စက်ရုံဘက်ကနေ အလုပ်ထုတ်ခဲ့တာပဲဖြစ်ပြီး အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ လုပ်ငန်းခွင်သို့ပြန်ဝင်နိုင်ရန် တောင်းဆိုခဲ့ပြီး ဒီလိုတောင်းဆိုမှုအပေါ် စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာနရုံးတာ၀န်ရှိသူများမှ အလုပ်ရှင် အလုပ်သမားများ အကြား တွေ့ဆုံက ညှိနှိုင်းခဲ့ပေးခဲ့ပေမဲ့ အလုပ်ရှင်ဖက်မှ ငြင်းဆန်တာကြောင့် ကာလအတန်ကြာ အဆင်ပြေခြင်း မရှိခဲ့ဘဲ ပြီးခဲ့သည့်ရက်ပိုင်းကမှသာ အလုပ်ခွင် ပြန်လည်ဝင်ရောက်စေရန် သဘောတူခဲ့တာ ဖြစ်သည်။

ထိုသို့ သဘောတူညီခဲ့မှုသည် သက်ဆိုင်ရာဌာနများ၏ ဖြေရှင်းပေးမှုကြောင့် မဟုတ်ဘဲ ထိုစက်ရုံမှ တာဝန်ယူချုပ်လုပ်ရသည့် ကုန်အမှတ်တံဆိပ်ဖြစ်သည့် Adidas ၏ စက်ရုံဖက်သို့ ဖိအားပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းကြောင့် ဖြစ်ကြောင်းလည်း အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးထံမှသိရသည်။

ထိုသို့ အလုပ်ခွင်ပြန်ဝင်မှုသည် အလုပ်ထုတ်ခံရသည့် အလုပ်သမား၂၆ ဦးအနက်မှ၁၇ ဦးကသာ လုပ်ငန်းခွင် ပြန်ဝင်မည် ဖြစ်ပြီး ကျန် ၉ ဦးမှာ ထိုစက်ရုံတွင် အလုပ်မလုပ်လိုတော့တာကြောင့် အလုပ်ထုတ် နစ်နာကြေးဖြင့်ထွက်ခွာခဲ့ကြောင်းနှင့် အလုပ်ခွင် ပြန်လည်ဝင်ရောက်မည့် အလုပ်သမား ၁၇ ဦးမှာလည်း ညှိနှိုင်းမှုများမပြေလည်ခဲ့တာကြောင့် အလုပ်ခွင်သို့မဝင်ရောက်ပဲ ပြန်လာခဲ့ရကြောင်းသိရသည်။

“ကျမတို့အလုပ်ပြန်ရတာက ဟုတ်လဲဟုတ်တယ် မဟုတ်လဲမဟုတ်ဘူး ဘယ်လိုလဲဆိုတော့သူတို့ဖက်ကအရင်လ ၃၀ ရက်နေ့က အကြောင်းပြန်တယ်၊ ၂ ရက်နေ့ကြ အလုပ်လာဆင်း ၈ နာရီလောက်ကြစာ ချုပ်ချုပ်ကြမယ်ပေါ့ အဲ့တော့ ဒီနေ့သွားတော့ သူတို့က အရင်ကတောင်းဆိုတဲ့အချက်တွေကို မတောင်းဆိုကြဖို့နဲ့ အေးအေးဆေးဆေးပဲ အလုပ်လုပ်ကြမယ်ပေါ့ စာချုပ်ကိုလဲ လိုင်းပေါ်မတင်ပါနဲ့ပေါ့ အဲ့စာချုပ်လိုင်းပေါ်ရောက်ရင် ကျမတို့ကိုတရားစွဲမယ်ပေါ့ ပြီးတော့ စာချုပ်ပါ အချက်အလက်ကို ဖောက်ဖျက်ရင်လဲ လျော်ကြေးပေးရမယ်ပေါ့ ဆိုပြီးပြောလာတယ်”ဟု အလုပ်ပြန်ဝင်မည့် အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားတစ်ဦးက ပြောသည်။

ထို့အပြင် အလုပ်ခွင်သို့ပြန်လည်ဝင်ရောက်မည့် အလုပ်သမားများ စက်ရုံအတွင်းဝင်ရောက်လာပါက ဆန္ဒပြကြရန်အတွက် အလုပ်ရှင်ဖက်က ခိုင်းစေမှုတချို့ ရှိခဲ့ကြောင်းလဲ CJ Platform မှစုံစမ်းသိရှိရသည်။

“ကျမတို့ အလုပ်ပြန်ဝင်မယ့် ဝန်ထမ်းတွေကို နွေးထွေးစွာ ကြိုဆိုပါမယ်ဆိုတဲ့တရုတ်က ကျမတို့ဝင်လာရင် ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြဖို့တခြားသူတွေကို သူကိုယ်တိုင်လိုက်ပြီး တိုက်တွန်းနေတာတွေရှိတယ် ၊အဲ့တော့ ကျမတို့က သူ့ကိုမယုံတဲ့အတွက် ကျမတို့ကို ခွဲခြားဆက်ဆံခြင်းတွေ စောင့်ကြည့်တာတွေ မလုပ်ဖို့ကို သေချာတဲ့ စီမံမှုတခုကို တောင်းဆိုတယ် စာချုပ်ထဲလဲသူတို့က ထည့်မချုပ်တဲ့အတွက် လုပ်ငန်းခွင်မဝင်ပဲ ပြန်လှည့်လာတာပါ ပြီးတော့ သူတို့ဆန္ဒပြတဲ့ ဆိုင်းဘုတ်တွေက သူတို့ရဲ့ထမင်းအိုးကို ရိုက်မခွဲပါနဲ့ အလုပ်မလုပ်ချင်ရင် gate 2 အပေါက်ကနေ ထွက်သွားပါ၊ adidasကို ထွက်အောင်လုပ်တဲ့သူတွေ အလိုမရှိ ဆိုတာမျိုးတွေ ငါတို့ ထမင်းအိုးကို ရိုက်ခွဲတဲ့သူတွေ အလိုမရှိဆိုပြီးတော့ ဆန္ဒတွေပြကြတော့ ကျမတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ သိက္ခာပိုင်းဆိုင်ရာတွေကို ထိခိုက်အောင်လုပ်တဲ့ သဘောတွေပေါ့”ဟု အလုပ်သမားတစ်ဦးကပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမား ၁ဒသမ၁သန်းခန့်သည် အလုပ်အကိုင်ဆုံးရူံးခဲ့ရပြီး အထည်ချုပ်လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ အခြေခံလုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုနှင့် လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများမှာလည်း ပိုမိုဆိုးရွားလို့လျက်ရှိနေပြီး အလုပ်သမားရေး ဖြေရှင်းရန် အစိုးရမှ ဖွဲ့စည်းထားသည့် ဌာနများ၏ လုပ်ငန်းရှင်များအပေါ် ဥပဒေအရ အရေးယူမှု အားနည်းမှုများကြောင့် အလုပ်သမားများ၏ လုပ်သားအခွင့်အရေး ချိုးဖောက်ခံနေမှုများသည် ပိုမိုဆိုးရွားလျက်ရှိနေတာပဲ ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပေါင်ချိန် #adidas #အလုပ်သမားအရေး