အလယ်ပိုင်း မိုးနည်းရေရှား ဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေ ပိုနေ

Published on Apr 02, 2024

အလယ်ပိုင်း မိုးနည်းရေရှား ဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေ ပိုနေယခုတစ်ပတ် ဧပြီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားဒေသများအတွက် အပူချိန်မြင့်တက်နိုင်ချေပိုနေ​ကြောင်း မိုးဇလပညာရှင် ဦးဝင်းနိုင်က ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် သတိပေး ရေးသားထားသည်။

 

ဧပြီလ ၁ ရက်နေ့မှ လာမည့် ဧပြီလ ၇ ရက်နေ့ အထိ  ရက်သတ္တပတ်တပတ်အတွင်း မကွေးတိုင်း၊ နေပြည်တော် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်း စသောဒေသများတွင် အပူချိန်ပိုမိုလာနိုင်ချေ ၈၅ရာခိုင်နှုန်း မှ ၉၅ရာခိုင်နှုန်း အထိ ရှိနေကြောင်း နှင့် ပုံမှန်အားဖြင့် မိုးရွာသွန်းနိုင်ချေ မရှိကြောင်း ၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် အပူချိန်မြင့်တက်နိုင်ချေမှာ ၄၀ရာခိုင်နှုန်း မှ ၇၀ရာခိုင်နှုန်းခန့်အထိရှိကာ ပြင်းထန်သော ရာသီဥတု ဖြစ်ပေါ်နိုင်ချေ (extreme changes )မရှိနိုင်ကြောင်း သိရသည်။

 

“အလယ်ပိုင်း မိုးနည်းရေရှားဒေသတွေအတွက် အပူချိန်မြင့်တက်နိုင်ချေ ပိုနေကြောင်း တွေ့ရပါမယ်။ ရေချွေတာသုံးစွဲကြဖို့နဲ့ အပူဒဏ်ကို သတိထား ကာကွယ်နေထိုင်ကြဖို့ အကြံပြုချင်ပါတယ်။ အနောက်မြောက်ဘက်မှ ဝင်ရောက်လာနိုင်မဲ့ Nor’westers မိုးတိမ်များကြောင့် လေပြင်းတိုက်နိုင်ချေနဲ့ နေရာကွက်ပြီး မိုးရွာနိုင်မဲ့အခြေအနေများ ဖြစ်ပေါ်တာကလွဲရင် တွေ့ရပါမယ်။” ဟု  ကြိုတင်ခန့်မှန်းချက်ကို ခြုံငုံသုံးသပ်၍ ယမန်နေ့ ဧပြီလ ၁ ရက်နေ့က ဖော်ပြထားသည်။

 

ထို့အပြင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ယခုရက်သတ္တပတ် (ဧပြီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ) အတွင်း နေ့အပူချိန်များ (၄၀-၄၁) ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်သလို မိုးရွာသွန်းရန်လည်း အခွင့်အလမ်းနည်းပါးကြောင်းကိုလည်း NUG၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

ယခုတစ်ပတ်အတွင်း ထူးခြားချက်အနေဖြင့်  ရာသီအကူးအပြောင်းကာလ မြောက်ပိုင်းစွန်းနှင့် တောင်ပိုင်းစွန်းဒေသများတွင် မွန်းလွဲနှင့်ညနေပိုင်းများတွင် မိုးတိမ်တောင်ငယ်များ စတင်ဖြစ်ပွားပြီး အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ခြေ ရှိကြောင်း ၊  လေပွေလှိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းများ ဖြစ်နိုင်ခြေအလွန် နည်းသော်လည်း ရေငွေ့ပါသောလေများ မြန်မာနိုင်ငံပေါ်သို့ တိုးဝင်လာနိုင်သဖြင့် မိုးတိမ်တောင်များ ဖြစ်ထွန်းပြီး မြောက်ပိုင်းဒေသများတွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်ကြောင်း NUG မိုးလေဝသဆိုင်ရာ၀န်ကြီးဌာနက ထုတ်ပြန်သည်။

 

Nor’wester ဆိုသည်မှာ လေပုန်း(Gust)တမျိုးဖြစ်ပြီး ဒေသခံအများစုက  လေဆင်နှာမောင်း (Tornado) ဟုလည်း   သတ်မှတ်လေ့ရှိကြသည်။ ယေဘုယျအများစုမှာ အားကောင်းသော  လေထုအောက်အလွှာတွင်  အပူရှိန်ကြောင့် ဖြစ်ပေါ်သောမုန်တိုင်းများ (Severe Low Convective Storms – SLCS) လို့ ခေါ်ဝေါ်ကြသည်။ Nor’wester ၏ လေတိုက်နှုန်းမှာ 11 m/s (25 mph) မှ 42 m/s (94 mph) နှုန်း ခန့်အထိ ပြင်းထန်တတ်သည်။ ထိခိုက်မှု အများဆုံး ကြုံတွေ့ရတတ်သော နိုင်ငံများမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နဲ့  မြန်မာနိုင်ငံတို့ဖြစ်ကြသည်။

 

Related News

Depend on news