အလယ်တန်းထိ မသင်မနေရစနစ်ဖြင့် လုပ်ဆောင်နေဟု စစ်ခေါင်းဆောင်ဆို တော်လှန်ရေးကျောင်းများက ကျောင်းသားလျော့ကျအောင်လုပ်ခြင်းဟု CDM ဆရာ/ဆရာမများဝေဖန်
အခြေခံပညာတွင် မူလတန်းအောင်ပြီးနောက် ကျောင်းထွက်ရာခိုင်နှုန်းများနေသည်ကို လျှော့ချရန်အတွက် မသင်မနေရ KG+9 အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်က ယမန်နေ့ (ဧပြီလ ၃ ရက်)တွင် ကျင်းပခဲ့သည့် စာကြည့်တိုက်များကို စာအုပ်စာတမ်းများ ပေးအပ်လှူဒါန်းသည့်ပွဲတွင် မြန်မာနိုင်ငံ ပညာရေးနှင့် ဆက်စပ်၍ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြသဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေကြောင်း၊ ထို့ကြောင့်လည်း မိမိတို့အနေဖြင့် အခြေခံပညာအဆင့်တွင် KG+9 အထိ မသင်မနေရစနစ်ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း” စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်က ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံ လူဦးရေ ၅၆ သန်းကျော်အနက် ဘွဲ့ရသူ သုံးသန်းခန့်၊ အသက် ၂၅ နှစ်အထက် ၂၅ ဒသမ ၁၇ သန်းခန့်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်ရှိသူ ၇၀ ရာခိုင်နှုန်းခန့်၊ ဘွဲ့ရ၊ နည်းပညာ၊ သက်မွေးပညာ သင်တန်းကျောင်းနှင့် ဒီပလိုမာပြီးမြောက်သူဦးရေ တစ်နိုင်ငံလုံးတွင် ၁၃ ရာခိုင်နှုန်းခန့်သာရှိသည်ဟု ၎င်းက ဆိုသည်။ထို့ပြင် ကျောင်းထွက်ရာနှုန်းနည်းရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံသည် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်(NLD)ပါတီ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှစတင်ကာ သူငယ်တန်း(Kindergarten- KG)+12 ဆိုသည့် အခြေခံပညာကို စုစုပေါင်း (၁၃)နှစ်တက်ရမည့် ပညာရေးစနစ်အသစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
KG+12 ပညာရေးစနစ်အရ အသက်(၅)နှစ်ပြည့်ပြီးသည့်ကလေးငယ်အနေဖြင့် သူငယ်တန်း(KG)မှ စတင်၍ မူလတန်းတွင် ငါးနှစ်၊ အလယ်တန်းတွင် လေးနှစ်နှင့် အထက်တန်းတွင် သုံးနှစ်(၅-၄-၃)ဆိုသည့်စနစ်အတိုင်း ပညာသင်ကြားရပြီး မူလတန်း(၅)နှစ်ကိုသာ မသင်မနေရစနစ်အဖြစ်သတ်မှတ်ထားသည်။
သို့သော် ယခု စစ်ကောင်စီဘက်က လုပ်ဆောင်နေသည့်စနစ်အရ နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားများသည် စစ်ကောင်စီလက်အောက်ရှိ ကျောင်းများတွင် အခြေခံပညာအလယ်တန်းပြီးဆုံးသည်အထိ မဖြစ်မနေ တက်ရောက်ရတော့မည်ဖြစ်သည်။
CDM ကြောင့် စစ်ကောင်စီလက်အောက်ခံကျောင်းများတွင် ကျောင်းသားလျော့နည်းမှုကို ကာကွယ်ရန် “မူလတန်းပြီးသည့်နောက် ကျောင်းထွက်ရာခိုင်နှုန်းလျော့ပါးရေး” ဟု ခေါင်းစဉ်တပ်၍ စစ်ကောင်စီက အလယ်တန်းအဆင့်အထိ မသင်မနေရစနစ်အသက်သွင်းခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများဘက်က ဆရာ/ဆရာမအချို့က ထောက်ပြပြောဆိုသည်။
“အခုလို စစ်ကောင်စီဘက်ကလုပ်လာတာက CDM ကျောင်းသားတွေ တော်လှန်ရေးဘက်ကဖွင့်ထားတဲ့ အွန်လိုင်းကျောင်းတွေမှာ တက်နေတာကို တားဆီးဖို့လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး စစ်မှုထမ်း ဥပဒေပြဋ္ဌာန်းထားတာဆိုတော့ မကြာခင် အသက် (၁၈) နှစ်ပြည့်လာမယ့်သူတွေကို စာရင်းကောက်ပြီးသားလည်း ဖြစ်အောင်လို့ ခုလိုလုပ်နေတာလို့ ထင်ပါတယ်” ဟု CDM ပြုလုပ်ထားသည့် အထက်တန်းပြ ဆရာမတစ်ဦးက CJ Platform သို့ မှတ်ချက်ပြုပြောဆိုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်က အလယ်တန်းအဆင့်မှကျောင်းထွက်ရသူများကို သက်မွေးပညာရပ်တစ်ခုရရှိစေရေး အခြေခံပညာအထက်တန်းအဆင့်တွင် စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟု ဧပြီ ၃ ရက် အခမ်းအနားတွင် ပြောသည်။
စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး သက်မွေးပညာများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ က အထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း၊ ယခုလာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၃၄ ကျောင်းထပ်မံဖွင့်လှစ်သင်ကြားပေးရန် စီစဉ်နေကြောင်း ဆက်ပြောသည်။
“ဒီသက်မွေးကျောင်းတွေက NLD အာဏာရပြီးနောက်ပိုင်းတော့ နိုင်ငံခြားနဲ့ ချိတ်ဆက်ပြီးလုပ်တာတွေ ရှိတာကြောင့် တစ်ခေတ်ပြန်ထလာကြသေးတယ်။ (အာဏာသိမ်းပြီးနောက်ပိုင်း)နောက်ပိုင်းမှာတော့ သက်မွေးဘက်ကို သွားတက်ကြတာတွေတော့ သိပ်မကြားရတော့ပါဘူး။ စကစဘက်က ဖော်ပြတာကတော့ သိတဲ့အတိုင်း အလိမ်အညာတွေပါပဲ” ဟု CDM ကျောင်းဆရာတစ်ဦးက CJ Platform သို့ပြောသည်။
စစ်ကောင်စီ၏ ကျောင်းသားလျော့နည်းနေသည့် စာသင်ခန်းများကို ပြန်လည်ဖြည့်တင်းရန်အတွက် ယခင်ကလည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စံချိန်တင်အောင်ချက်၊ စံချိန်တင် ဂုဏ်ထူးရှင်အရေအတွက်များ ပေးကာ ကျောင်းသားများကျောင်းပြန်တက်ရန် လုပ်ဆောင်ခဲ့ဖူးပြီး ယခုဆိုလျှင် အလယ်တန်းအထိကိုပါ မတက်မနေရစနစ်ဖြင့် အကောင်အထည်ဖော်ကာ ကျောင်းသားများလာရေးကို ဆောင်ရွက်အကောင်အထည်ဖော်နေပြီလည်းဖြစ်သည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကမူ “မိမိတို့အနေဖြင့် ပညာရေးကဏ္ဍကို တိုးတက်မြင့်မားလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေရေး အခြေခံပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်းတမီသင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးနေကြောင်း” ဖြစ်သည်ဟု ဖာထေးပြောဆိုထားသည်။
ဓာတ်ပုံ – MOI