အလင်းဝင်လိုသည့် ရဲတပ်ကြပ်ကို လက်နက်ခဲယမ်းများနှင့်အတူ ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ဟုဆို

Author မင်းထက်
Categories
Published on Mar 01, 2024

မကွေးတိုင်း၊ ရေစကြိုမြို့နယ် နံ့သာဟေဝန်ပန်းခြံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အလင်းဝင်လိုသည်ဟု ဆက်သွယ်လာသော ရဲတပ်ကြပ်တစ်ဦးကို ဖေဖော်ဝါရီ ၂၉ ရက်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လက်နက်များနှင့်အတူ ခေါ်ထုတ်နိုင်ခဲ့ကြောင်း ယင်းမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယင်းစခန်းသို့ရောက်ရှိနေသည်မှာ ငါးလခန့်သာရှိသေးသော အသက် ၅၀ ကျော်၊ ရဲသက်တမ်း ၂၈ နှစ်ရှိ ရဲတပ်ကြပ်သည် ၎င်းကိုင်ဆောင်သော ကာဘိုင်တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၁၀၀ တို့ဖြင့် ထွက်ပြေးလာခဲ့သည်ကို ခေါ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

 

“မနေ့ ညနေ ၄ နာရီလောက်က ချိတ်ဆက်ပြီး ၅ နာရီလောက်မှာ ဘေးကင်းကင်းနဲ့ခေါ်ဆောင်နိုင်ခဲ့တယ်။ သူပြောတာတော့ မိသားစုက အပြင်မှာရှိတယ်။ သူ့သားသမီးတွေ မျက်နှာမငယ်ဖို့အတွက် အလင်းဝင်ရောက်တာလို့ပြောတယ်။ သူထွက်လာတော့မိ သားစုမပါဘူး။ တစ်ယောက်တည်းပါ” ဟု အထက်ပါ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

 

ယခုအလင်းဝင်လာသော ရဲတပ်ကြပ်အပါအ၀င် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ အလင်း၀င်ရောက်လာသူ ငါးဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ရေစကြိုမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံရန် ကျန်ရှိနေသော အရာရှိ၊ အကြပ်၊ စစ်သည်များအနေဖြင့်လည်း ဘေးကင်းလုံခြုံသောလူနေမှုဘဝတွင် လွတ်လပ်စွာနေထိုင်နိုင်ရန် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

 

ဓာတ်ပုံ – ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့