အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်

Published on Nov 21, 2022

အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြား အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၂၄ ရက်မှ ၂၉ ရက်အတွင်း အရှေ့ဘက်မှ ရွေ့လျားလာသည့် လေပွေလှိုင်းအရှိန်ကြောင့် ရန်ကုန်၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူး၊ ဧရာ၀တီ၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ခြင်း ဖြစ်သည်။

အချိန်အခါ မဟုတ် မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေ၀သဖြစ်စဉ်များပါ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။

“ နို၀င်ဘာ ၂၄ ရက်ကနေစပြီး မိုးက အဖျက်မိုး တောင်ယာလုပ်ကိုင်သူတွေ၊ အုတ်လုပ်ငန်း၊ ဆားလုပ်ငန်းရှင်တွေ ဖျက်မိုးမလာခင် လုပ်စရာရှိတာတွေ အမြန်လုပ်ကြဖို့ အကြံပြုတင်ပြလိုပါတယ်” ဟု ဝေဖြိုးဟန် လေကြောင်းမိုးလေ၀သက ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့သည် လေဖိအားရပ်၀န်း နှစ်ခုကြား ရောက်သွားသည့်အတွက် နို၀င်ဘာ ၂၀ ရက်မှ စတင်ကာ လကုန်ပိုင်းအထိ နေ့တိုင်းနီးပါး မိုးအနည်းနှင့် အများရွာသွန်းနိုင်ကြောင်း ဝေဖြိုးဟန်လေကြောင်း မိုးလေ၀သက ဆိုသည်။

ထို့ပြင် တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်၀န်းသည် မြန်မာနိုင်ငံသို့ လေပွေလှိုင်းအဖြစ် ဖြတ်သန်းလာသည့်အချိန် မိုးကြီး ရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်ထားရန်ကိုလည်း ဝေဖြိုးဟန် လေကြောင်း မိုးလေ၀သက နှိုးဆော်ထားသည်။

နို၀င်ဘာ ၂၄ ရက်တွင် လေပွေလှိုင်းအရှိန်ကြောင့် ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် မိုးရေချိန် ၄ လက်မအထက်ထိ ရွာသွန်းနိုင်သည့်အတွက် မိုးကြီးနိုင်ခြင်းကြောင့် သတိပြုရန် မိုးလေ၀သ စောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်ကလည်း ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။