အရှေ့တီမောသံရုံးယာယီတာဝန်ခံနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဒုဝန်ကြီးတို့ နေပြည်တော်မှာ တွေ့ဆုံ

Author CJ Platform
Categories
Published on Jul 25, 2025

ရန်ကုန်အခြေစိုက် အရှေ့တီမောသံရုံး ယာယီတာဝန်ခံနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ မနေ့ ဇူလိုင် ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

 

အရှေ့တီမောသံရုံး ယာယီတာဝန်ခံ Mr. Olandino Ruide Andrade နဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်တို့ နေပြည်တော်မှာ တွေ့ဆုံချိန်၊ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လိုကြောင်း အရှေ့တီမောသံရုံး ယာယီတာဝန်ခံက ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

 

လာမယ့် အောက်တိုဘာလမှာ အာဆီယံအဖွဲ့ဝင်သစ်အဖြစ် အရှေ့တီမောနိုင်ငံကို ကြိုဆိုမယ့်အပေါ် စစ်ကောင်စီက ကန့်ကွက်စာ ပေးပို့ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အခုလို တွေ့ဆုံမှု ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။

 

အရှေ့တီမောနဲ့ စစ်ကောင်စီတို့ တွေ့ဆုံမှုမှာ အာဆီယံ ပဋိညာဉ်ပြဌာန်းချက်တွေကို လိုက်နာဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး တိုးမြှင့်လိုကြောင်း ပြောဆိုခဲ့ကြပြီး၊ အရှေ့တီမောနိုင်ငံ မြို့တော် ဒီလီမှာ မြန်မာသံရုံး လာရောက်ဖွင့်လှစ်ဖို့အတွက်ကိုလည်း တီမောသံရုံး ယာယီတာဝန်ခံက ပြောကြားခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

 

စစ်ကောင်စီကို ဦးဆောင်တော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အရှေ့တီမောအစိုးရက လက်ရှိအချိန်ထိ တရားဝင် ထိတွေ့ဆက်ဆံမှု ရှိနေချိန် တစ်ဖက်မှာလည်း စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှုကို ဆက်လက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၁ ရက်က အရှေ့တီမောအစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီးနောက်၊ စစ်ကောင်စီက ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့သလို၊ ရန်ကုန်မှာရှိတဲ့ အရှေ့တီမောသံရုံး တာဝန်ခံကိုလည်း နှင်ထုတ်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။

 

NUG နဲ့ ထိတွေ့ဆက်ဆံနေတဲ့ အရှေ့တီမောနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ဆောင်ရ ဆိုတဲ့ ပြဌာန်းကို ချိုးဖောက်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲကန့်ကွက်ထားတာလည်း ဖြစ်ပါတယ်။

 

စစ်ကောင်စီနဲ့ အရှေ့တီမောသံရုံး ယာယီတာဝန်ခံတို့ တွေ့ဆုံမှုအပေါ်၊ အရှေ့တီမောအစိုးရနဲ့ တရားဝင် သံတမန်ရေးဆက်ဆံမှုရှိနေတဲ့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – pro SAC