အရာတော်တွင် စစ်ကောင်စီတပ် အတိုက်ခံရပြီး အရာရှိအပါအဝင် ငါးဦးသေ

Author လဂွန်းအိမ်
Categories
Published on Feb 22, 2024

အရာတော်မြို့နယ်ရှိ စစ်ကောင်စီ၏ အမတ ၃၆၉ တပ်မှ အင်အား ၅၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးသွားကြောင်း Danger Force LPDF ထံမှ သိရသည်။

 

ယင်းစစ်ကောင်စီ စစ်ကြောင်းမှာ အရာတော်မြို့နယ် အသွား  (၅၀၀၄)တင့်ကားတပ်၏ အနောက်ဖက် တစ်မိုင်ခန့်အကွာ အရောက်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

 

” သတင်းရပြီးပြီးချင်း ဖြတ်တိုက်ဖို့ အစီစဥ်ခဲ့တာပါ ၊ရန်သူအင်အား ၅၀ ခန့်ကို ကျွန်တော်တို့ အင်အား ၂၀ လောက်နဲ့ တိုက်ခိုက်ခဲ့တာပါ၊ လေယာဉ်ပစ်ကူတောင်းတဲ့ အသံတွေ လက်နက်ကြီး ပစ်ကူတောင်းနေတာတွေ ကြားခဲ့ရပါတယ် ” ဟု  Danger Force LPDF မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ ပြောသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ၏ တင့်ကားတပ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များ ပစ်ဖောက်ကာ အရာတော်မြို့အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

မိနစ် ၃၀ ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ရဲတပ်ကြပ် တစ်ဦးသေဆုံးခဲ့ပြီး၊ အရာရှိနှစ်ဦးနှင့် တပ်သားနှစ်ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကြောင်း အရာတော်ဆေးရုံတွင် ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ၊ တော်လှန်ရေးအင်အားစုများဘက်ကမူ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

” နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်၊ ရန်သူအင်အားနဲ့ လက်နက်ခဲယမ်းအင်အား မမျှတာကြောင့် အချိန်ကြာမြင့်စွာ တိုက်ပွဲမဝင်နိုင်ခဲ့ပါဘူး၊ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ကို လက်နက်ခဲယမ်းတွေ ၊ ကျည်တွေ ဖြည့်တင်းဖို့တွက် ကူညီဖို့ရာ ပြောချင်ပါတယ်”ဟု Danger Force LPDF တာဝန်ရှိသူမှ ဆက်လက်ပြောသည်။

 

ထို့အပြင် တိုက်ပွဲအပြီးတွင် ပတ်တီးများ သွေးကွက်များနှင့် အရက်ဗူးတစ်ဗူးပါတွေ့ရှိရပြီး  စစ်ကောင်စီ၏ စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ဆိုသည်။

 

အဆိုပါ တိုက်ခိုက်မူကို Danger Force LPDF၊ Special Revolution Force၊ မိုင်းမင်းသား မြေအောက်ပျောက်ကြားတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း ၂၇၊ မုံရွာခရိုင် ပကဖ၊ လင်းယုန်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး ယမန်နှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင်လည်း စစ်ကောင်စီစစ်ကြောင်းကို ပဒေသာမိုင်း အလုံး ၆၀ ဖြင့် တော်လှန်ရေးတပ်ဖွဲ့များမှ မိုင်ခွဲတိုက်ခိုက်ခဲ့သေးသည်။

 

ဓာတ်ပုံ – Danger Force LPDF