အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယားကို ကန့်ကွက်ရှုတ်ချဖို့ ထိုင်း တောင်းဆို

Author CJ Platform
Categories
Published on Jul 25, 2025

ထိုင်းနိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ ကမ္ဘောဒီးယား စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

 

အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကန့်ကွက်ရှုတ်ချဖို့ ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။

 

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်တင်းမာမှုအတွင်း ကမ္ဘောဒီးယား စစ်တပ်က စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံအပေါ် လူသားမဆန်တဲ့၊ စစ်မက်လိုလားတဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခဲ့ပါတယ်။

 

တစ်ဖက်မှာတော့ “ပစ်ခတ်မှုကို ထိုင်းစစ်တပ်ဘက်က စတင်ခဲ့တယ်” လို့ ကမ္ဘောဒီးယားသတင်းဌာနတွေက ဖော်ပြထားပြီး၊ ထိုင်းစစ်တပ်ကလည်း F-16 တိုက်ခိုက်ရေးလေယာဉ်တွေဖြင့် နယ်စပ်နေရာ ၈ ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ms. Maly Socheata က ပြောဆိုထားပါတယ်။

 

နှစ်ဖက်ပစ်ခတ်မှုဟာ ဒီနေ့ မနက် ၆ နာရီအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့လည်း သူက ဆက်လက် ပြောကြားပါတယ်။

 

ကမ္ဘောဒီးယား စစ်တပ်ရဲ့ ပစ်ခတ်မှုအတွင်း ထိုင်းစစ်သားတစ်ဦးနဲ့ အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ပြီး၊ လူ ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsutin က ပြောကြားထားပါတယ်။

 

နှစ်နိုင်ငံ နယ်စပ် စစ်ရေးတင်းမာမှုကြောင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသက ပြည်သူ တစ်သိန်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရပြီး၊ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ်က အရေးပေါ် ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

 

Ref: Bangkok Post, The Khmer Times