အရက်မူး၍ နေအိမ်မှ ထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်နေသူ တစ်ဦး ရထားတိုက်ခံရ၍ သေဆုံး

Author မေ
Categories
Published on Dec 02, 2022

ပဲခူးတိုင်း၊ မင်းလှမြို့၌ အရက်မူးနေ၍ နေအိမ်မှ ထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်နေသူ တစ်ဦး ရထားတိုက်ခံရ၍ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁ရက်နေ့ ည ၁၁ နာရီအချိန်က မင်းလှမြို့၊ အမှတ် ၂ ရပ်ကွက်၊ ကံဦးကွက်သစ် ၄ လမ်း၌ နေထိုင်သူ အသက် ၃၄နှစ်အရွယ် အမျိုးသား တစ်ဦးမှာ အရက်သောက်ရာမှ အရက်မူး၍ နေအိမ်မှ ရထားလမ်းပေါ်သို့ လမ်းလျှောက်ခဲ့ကြောင်း သိရသည်။ ထိုသို့ ရထားလမ်းပေါ်မှ လမ်းလျှောက်လာစဉ် မင်းလှ-စစ်ကွင်းသွား ရထားလမ်း မိုင်တိုင်အမှတ် (၉၀/၁၂)နှင့် (၉၀/၁၃)ကြား၊ အမှတ် ၂၆၄ တံတားအနီး အရောက်၌ ပြည်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော ရထားအမှတ် BT-375 အဆန်ရထားမှ တိုက်မိခဲ့ကြောင်း သိရသည်။

ရထားတိုက်ခံရမှုကြောင့် ဦးခေါင်းပြတ်၊ ခန္ဓာကိုယ်ထက်ပိုင်းပြတ်၊ ဝဲ/ယာ လက်နှစ်ဖက်ပြတ်၊ ယာခြေထောက်ပြတ်ဒဏ်ရာများ ရရှိကာ နေရာမှာတင် သေဆုံးသွားကြောင်း သိရသည်။

” အရက်မူးလို့ အိမ်ကထွက်လာပြီး ရထားလမ်းပေါ် လမ်းလျှောက်လာတာ။ လမ်းလျှောက်လာရင်း ရန်ကုန်-ပြည် ရထားက တိုက်မိပြီး ဦးခေါင်းပြတ်၊ လက်ပြတ် ဒဏ်ရာတွေနဲ့ နေရာမှာဘဲ သေဆုံးသွားပါတယ်”ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

သေဆုံးသူအလောင်းအား မင်းလှမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ်၊ ဖောင်းစိန်ရပ်ကွက်၌ တစ်ဦးတည်း ဘီယာသောက်နေသူတစ်ဦး အမူးလွန်သွားပြီးနောက် အနီးရှိ MPT တိုင်ပေါ်တက်သွားကာ ပြန်မဆင်းနိုင်တော့၍ မြေပြင်သို့ရောက်ရှိရန် ဒေသခံများမှ ဝိုင်းဝန်းကူညီပေးခဲ့ရကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ပဲခူးတိုင်း #မင်းလှမြို့ #ရထားတိုက်