အယ်ဒီတာ့အာဘော်

Author အယ်ဒီတာ
Categories
Published on Dec 27, 2023

“ဝေဖန်ရေး”

ထောင့်တစ်ထောင့်မှ

စောင့်၍ကြည့်ရှု

ဝေဖန်မှုသည်

အပြုသဘော မဟုတ်သော

မှားသော လွဲသော ဝေဖန်ရေး။

ပြည်သူ့ဘက်မှ၊ အလုံးစုံရှု

ဝေဖန်မှုသာ

အပြုသဘော

ဦးတည်သော

မှန်သော စစ်သော ဝေဖန်ရေး။

မောင်ချောနွယ်

မြန်မာ့ခေတ်ပေါ်ကဗျာ အရွေ့ကို ဦးဆောင်ခဲ့သူများအနက် ဆရာ မောင်ချောနွယ်ကို တပ်ဦးကဗျာဆရာဟု တင်စားသတ်မှတ်ကြသည်။ အထက်ပါ ကဗျာအား ဆရာမောင်ချောနွယ်၏ တော်လှန်ကဗျာစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။ ဆရာသည် တော်လှန်ကဗျာစာအုပ်အား “နိုင်ငံရေး စံထားချက်နဲ့ အနုပညာ စံထားချက်ကို အခြေခံထားပြီး သည်ကဗျာများကို ရေးချလိုက်ခြင်း ဖြစ်ပါသည်” ဟု မှတ်ချက်ပြုဖူးသည်။

ဆရာမောင်ချောနွယ်၏ ကဗျာကိုသာ တိုင်တည် ပြောဆိုရလျှင်မူ သတင်းမီဒီယာဟူသည် ထောင့်တစ်ထောင့်မှ စောင့်ကြည့်ဝေဖန်မှု ပြုခြင်းသည် မှားယွင်းသော အပြုအမူဖြစ်သည်။ ပြည်သူ့ဘက်မှ ရှုမြင် စောင့်ကြည့်ဝေဖန်မှု ပြုခြင်းသည်သာ မှန်ကန်သည့် အပြုအမူဖြစ်သည်ဟု CJ Platform ဝိုင်းတော်သားများက ယုံကြည်ပါသည်။

CJ Platform သည် ထောင့်တစ်ထောင့်မှ ကိုယ်ကျိုးစီးပွား မထိခိုက်ရုံမျှ စောင့်ကြည့်ဝေဖန်မှု ပြုခြင်းအား မလုပ်ဆောင်လိုသည့် သတင်းစာဆရာအချို့ စုစည်းကာ ပြည်သူ့ဘက်မှ ရှုမြင် စောင့်ကြည့်ခဲ့သည်။

ဆရာမောင်ချောနွယ်၏ “ရေခဲ ပန်းနု” ကဗျာကိုသာ ထပ်မံတိုင်တည်ရမည်။

“စက်ရုပ်လို

မလှုပ်ရှားချင်ပါဘူး

မုသားနိုင်ငံမှာ

အပြန်တစ်ရာ သေပါစေ

အမှန်အတွက် တိုက်ပွဲဝင်မယ်။”

စက်ရုပ်လို မလှုပ်ရှားချင်သူ CJ Platform မိသားစုဝင် လေးဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာလုသူများ ထိန်းချုပ်ထားသည့် အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရဆဲဖြစ်ပါသည်။

ဆရာမောင်ချောနွယ်၏ တော်လှန်ကဗျာစာအုပ်မှ “ဖောက်ပြန်ရေးသမား” ကဗျာတွင် ဤသို့ဆိုသည်။

“ထလော့ ကြွလော့

နေကြလော့ဟု၊ ပြောတော့ဆိုတော့

အဟုတ်ပေါ့၊ လုပ်တော့ကိုင်တော့

ခပ်ပေါ့ပေါ့၊ ပြီးတော့ ခပ်လျော့လျော့။

တိုက်လော့ ခိုက်လော့

တော်လှန်တော့ဟု၊ ပြောတော့ဆိုတော့

အဟုတ်ပေါ့၊ တိုက်တော့ခိုက်တော့

ခပ်လျော့လျော့၊ ပြီးတော့ ခပ်ပေါ့ပေါ့။

ပြုလော့၊ ပြင်လော့

စွမ်းဆောင်လော့ဟု၊ ပြောတော့ဆိုတော့

အဟုတ်ပေါ့၊ ပြုတော့ပြင်တော့

ခပ်ပေါ့ပေါ့၊ ပြီးတော့ ခပ်လျော့လျော့။

တည်လော့ ဆောက်လော့

ဖန်တီးလော့ဟု၊ ပြောတော့ဆိုတော့

အဟုတ်ပေါ့၊ တည်တော့ဆောက်တော့

ခပ်လျော့လျော့၊ ပြီးတော့ ခပ်ပေါ့ပေါ့။     ။”

ဆရာမောင်ချောနွယ်၏ ဖောက်ပြန်ရေးသမား ကဗျာဖြင့် ထပ်မံ တိုးလျှိုး တိုင်တည်ရလျှင် CJ Platform သည် ထောင့်တစ်ခု၊ နေရာတစ်ခု၊ မည်သည့်အဖွဲ့စည်း၏ ဆွဲဆောင်မှုများကြောင့်မျှ လွဲချော်မှုများ လုပ်ဆောင်ခြင်း မရှိဘဲ ပြည်သူ့ဘက်မှ ဆက်လက်ရှုမြင်ကာ သတင်းများ ဆက်လက်တင်ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၏ စာဖတ်သူ ပရိသတ်များအပေါ် CJ Platform ၏ ကတိပြု သဝဏ်လွှာအား ပေးပို့ပါသည်။