အမှားတွေအတွက် တာဝန်ခံတဲ့အနေနဲ့ ရာထူးက နူတ်ထွက်သွားတဲ့ ဘရာဇီးလ်နည်းပြ တီတီ

Author မောင်ရှမ်း
Categories
Published on Dec 10, 2022

ဘရာဇီးလ်နည်းပြ တီတီကတော့ ခရိုအေးရှားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး နာရီပိုင်းအကြာမှာပဲ နည်းပြရာထူးကနေ နူတ်ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ တီတီဟာ ဘရာဇီးလ်ကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ကွာတားဖိုင်နယ်အဆင့်မှာပဲ ဘယ်လ်ဂျီယံကို ရှုံးကာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၉ မှာတော့ ကိုပါအမေရိကဖလားကို ရယူပေးနိုင်ခဲ့ပြီး ၂၀၂၁ မှာလည်း ကိုပါအမေရိကဖလားမှာ ဗိုလ်လုပွဲအထိ ရောက်ပြီးမှ မက်ဆီရဲ့ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တာပါ။

ဒီနှစ်ကမ္ဘာ့ဖလားမှာတော့ တီတီဟာ လူရွေးချယ်ကတည်းက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ တိုက်စစ်ပိုင်းမှာ အသင်းရဲ့လိုအပ်ချက်ကို ဖြည့်ကစားပေးနိုင်တဲ့ ဖာမီနိုလို ဝါရင့်တိုက်စစ်မှူးကို ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့အမြင်မကြည်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ပွဲမှာလည်း အချိန်ပို ၁၀၅ မိနစ်မှာ နေမာရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ချိန် ဖာဘင်ဟိုလို ခံစစ်စွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားမျိုး၊ ဘရူနို ဂွီမာရက်စ်လို ကစားအားကောင်းတဲ့သူမျိုးကိုကျော်ပြီး ဖရက်ဒ်ကို ထည့်သွင်းခဲ့တာကြောင့်လည်း ဝေဖန်ခံခဲ့ရပါတယ်။

တီတီဟာ ဘရာဇီးလ်အသင်းကို ၈၁ ပွဲကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း ၆၀ အနိုင်ရကာ ၁၅ ပွဲသရေနဲ့ ၆ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ၈၁ ပွဲမှာ တိုက်စစ်က ၁၇၄ ဂိုးသွင်းကာ ခံစစ်က ဂိုး ၃၀ သာ ခွင့်ပြုခဲ့ရပေမယ့် ကမ္ဘာ့ဖလား ၂ ကြိမ်မှာတော့ ကွာတားဖိုင်နယ်အဆင့်ထက် ပိုအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် နူတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။