အမြစ်တွယ်နေသည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို စိတ်ရှည်သည်းခံကာ ပူးပေါင်းဖြိုဖျက်ရမည်ဟု KNLA ဒုစစ်ဦးစီးချုပ် ပြောကြား

Author လင်းခိုင်
Categories
Published on Oct 07, 2022

အမြစ်တွယ်နေသည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်ကို စိတ်ရှည်သည်းခံကာ ပူးပေါင်းဖြိုဖျက်ရမည်ဖြစ်ကြောင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောကြားသည်။

အောက်တိုဘာ ၆ရက်တွင် ကျရောက်သည့် ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)တစ်နှစ်ပြည့်အခမ်းအနားသို့ ဒုတိယစစ်ဦးစီးချုပ် စောဘောကျော်ဟဲက သဝဏ်လွှာပေးပို့ရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကျွန်ုပ်တို့ကြီးပြင်းရာ ဒေသများတွင် လွတ်လပ်စွာ သွားလာ၊ လုပ်ကိုင်စားသောက်ခွင့်မရှိသည်သာမက ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ခြင်းမရှိသည်မှာအားလုံးမျက်မြင်ဖြစ်ပြီး ယခုကဲ့သို့ဖြစ်စဥ်သည် ခေတ်အဆက်ဆက်ခံခဲ့ရပြီး မတရားမှုကိုတွန်းလှန်ရန်မှာ ဒေသခံပြည်သူအားလုံးတာဝန်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် TPLF ရဲဘော်များနှင့်ခေါင်းဆောင်များကို သတိပေးချင်သည့် အချက်သည် နှစ်ပေါင်းများစွာ အမြစ်တည်နေသည့် လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်တို့ဖြစ်ပြီး အဆိုပါရန်သူနှင့်ရင်ဆိုင်ရာတွင် ခက်ခဲဆင်းရဲမှုများ ကြုံတွေ့ရမည်ဖြစ်ကြောင်း KNLA ဒုစစ်ဦးစီးချုပ်က ဆိုသည်။

“ဖိနှိပ်ချုပ်ချယ်မှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ နဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို ဖြိုဖျက်ပစ်ဖို့က ဇွဲနပဲရှိမှု၊ စိတ်ရှည်သည်းခံမှု ပူးပေါင်းဆောင်ရွက်မှုတို့ရှိရမှာဖြစ်ပါတယ်”ဟု စောဘောကျော်ဟဲကပြောသည်။

ထို့ပြင် လူမျိုးကြီးဝါဒကြောင့်ဖြစ်စေ၊ စစ်အာဏာရှင်ကြောင့်ဖြစ်စေ ခေတ်အဆက်ဆက်ခံစားခဲ့ရသောအရာများ၊ ဖိနှိပ်အနိုင်ကျင့်ခံရမှုများ၊ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရခြင်းတို့အား ကျွန်ုပ်တို့ခေတ်တွင် အဆုံးသတ်ပစ်ရမည်ဟု ဆက်လက်ပြောကြားသည်။

တော်လှန်ရေးဆိုသည်မှာ တရားမျှတမှုမရှိသော နိုင်ငံရေးစနစ်၊ ဆိုးသွမ်းရက်စက်သော အုပ်ချုပ်ရေးစနစ်များကို ဖြိုဖျက်ပြိး တရားမျှတသော နိုင်ငံရေးစနစ်ကို ပြန်လည်တည်ဆောက်ပြီး နိုင်ငံသား အခွင့်အရေးကို အာမခံချက်ပေးခြင်းဖြစ်သည့်အတွက် တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်ကို မမေ့အပ်ကြောင်း စောဘောကျော်ဟဲကပြောကြားသည်။