အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပုဒ်မ၅၀၅ ဖြင့် ဖမ်းဆီးထားသော အနုပညာရှင်များနှင့် နိုင်ငံခြားသားများအား ပြန်လွှတ်မည်ဟုဆို

Author ကိုပေါက်
Categories
Published on Nov 16, 2022

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်တွင် အကျဉ်းကျခံနေရသော နိုင်ငံခြားသားအချို့နှင့် ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးထားသော အနုပညာရှင်အချို့ကို ပြန်လွှတ်မည်ဟု CJ Platform၏ အကျဥ်းဦးစီးဌာန သတင်းအရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက ပြန်လွှတ်မည့်စာရင်းကို နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းတွင် ကြေညာမည်ဟု သိရပြီး ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေးရှောင်တာနယ်အပါအဝင် နိုင်ငံခြားသားလေးဦး ပါဝင်နိုင်ကြောင်း အကျဥ်းဦးစီးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်ကတော့ ပြောတာပဲ မယုံရသေးဘူး ပြန်လွှတ်လဲ ပြန်ဖမ်းမှာစိုးလို့ သိတာတောင်မပြောရဲဘူး ပုဒ်မ ၅၀၅ နဲ့ ထောင်ကျနေသူတွေပါတယ်”ဟု ပြောသည်။

ပုဒ်မ ၅၀၅ ဖြင့် အရေးယူထားသော အနုပညာရှင်အချို့နှင့် နိူင်ငံခြားသားအချို့သာပါဝင်ပြီး ကျန်ရှိနေသည့် နိူင်ငံရေးအကျဥ်းသားအချို့ မပါဝင်ကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတွေဆီက သိရသည်။

လွှတ်ငြိမ်းပေးရာတွင် စစ်ကောင်စီက မိမိအလိုကျ ရွေးချယ် ပြန်လွှတ်ပေးခြင်းမှာ အကျဥ်းကျနေသည့် မိသားစုများအတွက် စိတ်ထိခိုက်မှုရှိသည်ဟု အကျဥ်းသားတစ်ဦး၏မိဘတစ်ဦးက CJ Platform ကိုပြောသည်။

“အဒေါ်သားဆို ထောင်ကျနေတာ တစ်နှစ်ကျော်ရှိပြီ ပုဒ်မ ၅၀၅(က) နဲ့ ပြန်လွှတ်စေချင်တယ် ဒါပေမဲ့ လွှတ်ငြိမ်းတိုင်း တစ်ခါမှ မပါဘူး”ဟု ပြောသည်။

အင်းစိန်အကျဥ်းထောင်မှ နိုဝင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းက ဒါရိုက်တာမင်းထင်ကိုကိုကြီးနှင့် အဆိုတော်စောဖိုးခွားကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီးနောက် ထောင်ဗူးဝတွင် အဆိုတော်စောဖိုးခွားကို ရွေးကောက်ပွဲကာလအတွင်း တရားစွဲဆိုထားသည့် အမှုလက်ကျန် ရှိသည်ဟုဆိုကာ ပြန်လည် ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
ဓာတ်ပုံ- CJ
ပုံစာညွှန်း- လွှတ်ငြိမ်းသက်သာဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့် မြင်ကွင်း ပုံဟောင်း
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #အမျိုးသားနေ့ #လွတ်ငြိမ်းသက်သာ #နိုင်ငံရေးအကျဉ်းသား #နိုင်ငံခြားသား