အမေရိကန် သမ္မတ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံတို့သို့ သွားရောက်မည်

Author လင်းနွေဦး
Categories
Published on Oct 17, 2023

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်သည် စစ်ဖြစ်နေသော အစ္စရေးနှင့် အိမ်နီးချင်း ဂျော်ဒန်နိုင်ငံတို့သို့ အောက်တိုဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည်ဖြစ်ကြောင်း AP သတင်းဌာနတွင် ဖော်ပြသည်။

အစ္စရေး-ဟားမက်စ် စစ်ပွဲမှသည် နောက်ဆက်တွဲ ဒေသတွင်းဆိုင်ရာ ပဋိပက္ခများ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် အစ္စရေးခေါင်းဆောင်များနှင့်သာမက အာရပ်ခေါင်းဆောင်များဖြင့် မနက်ဖြန် ဗုဒ္ဓဟူးနေ့တွင် သွားရောက်တွေ့ဆွေးနွေးမည်ဟု AP သတင်းက ဆိုသည်။

သမ္မတ ဂျိုးဘိုင်ဒိုင်၏ ယခုခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရ အတွင်းရေးမှူး Antony Blinken(အန်တိုနီ ဘလင်ကန်)က ၎င်း၏ အစ္စရေး ဝန်ကြီးချုပ်အပါအဝင် ထိပ်သီးခေါင်းဆောင်များနှင့်တွေ့ဆုံမှုအပြီး သတင်းမီဒီယာများကို ယနေ့ အင်္ဂါနေ့အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒင်မှာ ဂါဇာကမ်းမြှောင်ဒေသတွင် လူသားချင်းစာနာထောက်ထားမှု ပိုမိုဆိုးရွားလာသကဲ့သို့ အစ္စရေးမှ ယင်းဒေသရှိ ၁၄၁ စတုရန်းမိုင်(၃၆၅ စတုရန်း ကီလိုမီတာ)နယ်မြေအတွင်းရှိ ဟားမက်စ်စစ်အုပ်စုကို မြေလှန်ရှင်းပစ်ရန် ကြိုးစားပြင်ဆင်နေခြင်းတို့ကို ဆွေးနွေးရန်အတွက်ဖြစ်သည်ဟု အန်တိုနီ ဘလင်ကန်က ဆိုသည်။

ဟားမက်စ်တိုက်ခိုက်မှုကြောင့် သေဆုံးမှုများကို ဒုတိယကမ္ဘာစစ်အတွင်း ဟစ်တလာခေါင်းဆောင်သော နာဇီ စစ်အုပ်စုမှ ဂျူးလူမျိုး ၆ သန်းကိုသတ်ဖြတ်ခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရပ်(Holocaust)နောက်ပိုင်း အစ္စရေးရှိ ဂျူးများကို သေစေလောက်သောတိုက်ခိုက်မှုဟု အမေရိကန်နှင့် အစ္စရေး အရာရှိများဘက်က သုံးနှုန်းကြသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်အနေဖြင့် အစ္စရေးနောက်တွင် ရှိနေကြောင်းပြသရန် အကောင်းဆုံးပြုမူပြောဆိုနိုင်ရေး သတင်းစကားများ ရှာဖွေလျက်ရှိပြီး ၎င်း၏ ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဖွဲ့ မှလည်း အစ္စရေးအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများပြုလုပ်ရန် ကတိပေးထားသည်။

ရုရှား၏ကျူးကျော်စစ်ကို တွန်းလှန်နေသော ယူကရိန်းနှင့်အစ္စရေးတို့ကို ကူညီရန်အတွက် အပိုငွေ ဒေါ်လာ ၂ ဘီလီယံကို ကွန်ဂရက်လွှတ်‌တော်သို့ တောင်းဆိုထားသည်ဟု အမေရိကန်အရာရှိများ၏ ပြောကြားချက်အရ သိရသည်။

ယခုအချိန်သည် သမ္မတ ဂျိုးဘိုင်ဒင်အနေဖြင့် ၎င်း၏အမျိုးသားရေးရာလုံခြုံရေးအတွက် သင့်လျော်သောအရည်အချင်းရှိသူဖြစ်ကြောင်း မဲပေးခဲ့သူ အမေရိကန်ပြည်သူများအပေါ်သက်‌သေပြသရန် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ယခင်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ “America First””အမေရိကသာပထမ”ဟူသော နိုင်ငံခြားရေးရာမူဝါဒပြီးနောက် ၎င်း၏ “အမေရိကန်ခေါင်းဆောင်မှု ကျင့်သုံးခြင်း” မဲဆွယ်စည်းရုံးရေး ကတိ အပေါ် ကောင်းမွန်စွာလုပ်ဆောင်နေကြောင်းပြသနိုင်ရေး အခွင့်အလမ်းတစ်ခုလည်းဖြစ်သည်ဟု AP သတင်းက ဆိုသည်။

” သူ(ဂျိုးဘိုင်ဒင်)က အစ္စရေးရဲ့ အရေးပေါ်အခြေအနေအတွက် ဒီကို လာနေပါပြီ။ ဒါဟာ ဒေသတွင်းအတွက်လည်း ဖြစ်သလို ကမ္ဘာကြီးအတွက်လည်း ဖြစ်ပါတယ်” ဟု အတွင်းရေးမှူး အန်တိုနီ ဘလင်ကန်က ပြောသည်။

ဟားမက်စ်စစ်အုပ်စုမှစတင်တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်မှ လူ ၁၄၀၀ ကျော် သေဆုံးခဲ့ကာ အစ္စရေးတို့၏ ပြန်လည်တိုက်ခိုက်မှုကြောင့်လည်း ပါလက်စတိုင်း ပြည်သူ ၂၇၀၀ ကျော် သေဆုံးခဲ့ပြီဟု နှစ်နိုင်ငံ သတင်းရင်းမြစ်များက အသီးသီးထုတ်ပြန်ထားကြသည်။

ယခုအကြိမ် အမေရိကန် သမ္မတ၏ အစ္စရေးခရီးစဉ်မှာ အထူးအလေးထားစောင့်ကြည့်ဖွယ်ရာဖြစ်ပြီး အစ္စရေး-ဟားမက်စ်အရေးအပေါ် အမေရိကန်၏ အကျိုးသက်ရောက်မှုမည်မျှထိရှိမည်ကို တွေ့မြင်နိုင်မှာဖြစ်ကြောင်း နိုင်ငံတကာပညာရှင်များက သုံးသပ်ပြောဆို‌နေကြသည်။