အမေရိကန် လွှတ်တော်မှ NUG ၊ CRPH နှင့် NUCC တို့ကို ထောက်ပံ့ပေးခြင်းသည် နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်ပြောကြား

Author လင်းခိုင်
Categories
Published on Dec 13, 2022

 

အမေရိကန်လွှတ်တော်မှ NUG ၊ CRPH နှင့် NUCC တို့ကို ထောက်ပံ့ပေးခြင်သည် နိုင်ငံရေးအရ အောင်မြင်မှုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ယနေ့တွင် ပြုလုပ်သည့် ၇၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီးချုပ်က ပြီးခဲ့သည့် သတင်းပတ်တွင် အမေရိကန်နိုင်ငံ ကာကွယ်ရေး ဥပဒေကြမ်း American National Defence Authorization Act-2023 တွင် Burma Act ဟုခေါ်သည့် မြန်မာနိုင်ငံနှင့် ဆိုင်သည့် ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုလိုက်ခြင်းသည် မြန်မာ ပြည်သူတစ်ရပ်လုံး ဒီမိုကရေစီ ရုန်းကန်မှုအောင်ပွဲဖြစ်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေး၀န်ကြီးကို EU ပါလီမန်က တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုဖိတ်ကြားကာ မိန့်ခွန်းပြောကြားခွင့်ရရှိခြင်းသည်လည်း ကြီးမားသည့် သံတမန်ရေး အောင်မြင်မှုဖြစ်သည်ဟု ပြောကြားသည်။

“ NDAA အတည်ပြုပြီးတဲ့အခါမှာ မိမိတို့ ဝါရှင်တန်အစိုးရရုံးနဲ့ အခြားသက်ဆိုင်ရာ channel အသီးသီးမှ အမေရိကန်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ယခုထောက်ပံ့မှုတွေကို ထိရောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြဖို မှာကြားလိုပါတယ်။ အမေရိကန်လွှတ်တော်များမှ ယခုလို NUG ၊ CRPH နဲ့ NUCC တို့ကို ထောက်ပံ့ပေးခြင်းက နိုင်ငံရေးအရ ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

ထို့ပြင် မကြာမီကာလတွင် ရောက်ရှိလာမည်ဖြစ်သည့် နိုင်ငံတကာ အကူအညီများကို အရေးကြီးသော နေရာများတွင် ထိရောက်စွာ စီမံခန့်ခွဲနိုင်စေရန် နှောင့်နှေးကြန့်ကြာမှုများမရှိအောင် ယခုကတည်းက ၀န်ကြီးဌာနများအနေဖြင့် ဦးစားပေး လိုအပ်ချက်များကို ပြင်ဆင်ထားရန် နှင့် ပြင်ဆင်ရာတွင် ၀န်ကြီးဌာန သဘောသဘာ၀အရ ပုံမှန်လိုအပ်ချက်များ ထက် တော်လှန်ရေး တစ်နှစ်အတွင်း အောင်မြင်နိုင်ရေး ထိရောက်သည့် ဦးစားပေးမှုများဖြစ်စေရန် ပြည်ထောင်စု၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

ယင်းအပြင် စားနပ်ရိက္ခာလိုအပ်ချက်များ၊ ကျန်းမာရေး၊ စစ်ရေးအတွက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများ စသည်တို့ကို ဦးစားပေးပြီး မိမိတို့ မဟာမိတ်အဖွဲ့အစည်းများ၏ မူဝါဒနှင့် ဦးစားပေးလုပ်ငန်းများ တစ်ထပ် တည်းကျအောင် ဆောင်ရွက်ရန် ပြည်ထောင်စု ၀န်ကြီးချုပ်ကပြောကြားသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်အမြစ်ပြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တစ်ရပ်အဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး အကူအညီပေးနေသည့် မည်သည့် မိတ်ဆွေနိုင်ငံမဆို ၀မ်းမြောက်စွာ ကြိုဆိုကြောင်း၊ တော်လှန်ရေးအင်အားစုများ မည်သည့် အကြောင်းကြောင့်မျှ ယုံကြည်မှုများ ယိမ်းယိုင်မသွားကြပဲ နိုင်ငံရေးသမိုင်းသစ်ကိုအတူတကွရေးထိုးပြီး တိုက်ပွဲ၀င်သွားရန် ပြည်ထောင်စု၀န်ကြီးချုပ်ကပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #မန်းဝင်းခိုင်သန်း #ပြည်ထောင်စုဝန်ကြီးချုပ်