အဖွားလည်း သေ၊ ရွာလည်း မီးရှို့ခံရလို့ သည်းခြေပျက်သွားတဲ့ CDM ကျောင်းဆရာမလေး

Published on Mar 22, 2023

အသက်က ၂၇ နှစ်။ ရှမ်းမြောက်မှာ အနာဂတ် လူငယ်တွေအတွက် ပညာရေး တာဝန်ထမ်းဆောင်နေစဉ်အတွင်း မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်တပ်က အာဏာသိမ်းတာကြောင့် အကြမ်းမဖက် ဆန္ဒပြလှုပ်ရှားမှု – CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး နေရပ်ကို ပြန်လာသူ။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်က သူမရဲ့ မွေးရပ်ဇာတိ။ တကယ်တော့ ဒီဒေသက အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်တွေရဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းမှုကို လှစ်ဟပြနေတဲ့ ဒေသ။
စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ သေကြေရသလို ရွာကို စီးနင်း၊ နေအိမ်တွေ မီးရှို့မှုကြောင့် ဒေသခံပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ် မီးလောင်တာကို ထိုင်ကြည့်ခဲ့ရ၊ လူပါ အသတ်မခံရအောင် တောတိုက်တွေထဲ ပြေးလွှားပုန်းအောင်းရင်း မြေပြင်ကို ကျောခင်း၊ ကောင်းကင်ကို အမိုးလုပ်ပြီး ပုန်းရှောင်နေကြရတဲ့ ဒေသတစ်ခုပါ။
ဒါ့အပြင် စစ်တပ်ရဲ့ အကြမ်းဖက် ရက်စက် သတ်ဖြတ်မှုကို တိမ်းရှောင်ရင်း တောထဲ တိုက်ထဲ နေနေကြရပေမယ့် နောက်ဆက်တွဲပြဿနာတွေက တပုံတပင်ကြီး ရှိပါသေးတယ်။ အညာဒေသ ပူပြင်းတဲ့ရာသီဥတုအောက်မှာ မြွေဆိုးကိုက်ခံရမှု အန္တရာယ်တွေ၊ ဟင်းလင်းပြင်အောက် နေကြရတာကြောင့် ရာသီဥတုဒဏ် ခံကြရတာတွေအပြင် ထုတ်ဖော်ပြသလို့ မရနိုင်လောက်တဲ့ နောက်ကွယ်က သောကမီးတွေက ဒီဒေသက ပြည်သူတွေအပြင် နွေဦးတော်လှန်ရေး CDM သူရဲကောင်း ကျောင်းဆရာမလေးကိုလည်း တမြိုက်မြိုက် လောင်ကျွမ်းစေခဲ့ပါတယ်။
လူတွေဟာ ကိုယ်ချစ်ခင်သူတွေ မျက်စိရှေ့ သေဆုံးသွားတာ၊ ကိုယ်ရပ်ရွာ ဆွေမျိုးသားချင်းတွေ ပျက်စီးရခြင်းဒုက္ခတွေ ကြုံတွေ့ရတာကို မျက်မြင်ကိုယ်တွေ့ တွေ့ကြုံလိုက်ရရင် သည်းခြေပျက် စိတ်ဂယောက်ဂယက် ဖြစ်ရတတ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ ဆင်းရဲဒုက္ခကို CDM ဆရာမလေးကိုယ်တိုင် ၂၀၂၂ ခုနှစ် မေလအတွင်းမှာ ကြုံတွေ့ခဲ့ရပါတယ်။
“ကျွန်‌တော့်သမီးလေး အသက်က အခုမှ ၂၇ နှစ်ပဲ ရှိသေးတာ။ ဆရာမ ဖြစ်တာ မကြာသေးဘူး။ ရှမ်း‌မြောက်ဘက်မှာ တာဝန်ထမ်း‌နေတာ နှစ်နှစ်ပဲ ရှိသေးတယ်။ အာဏာသိမ်းတာနဲ့ကြုံတော့ CDM လုပ်ပြီးပြန်လာတယ်။ သူက သူ့အဖွားကို အရမ်းချစ်တာ၊ သူ့အဖွားနဲ့အနေများတယ်။၂၀၂၂ ခုနှစ်၊မေလ ၁၇ ရက်နေ့မှာ ချပ်သင်းတိုက်နယ်ထဲက ပုဏ္ဏားကြီး၊ တင်မော်၊ ဦးကင်းကြည်နဲ့ ပိတောက်ပင်ရွာ ၄ ရွာလုံး စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့တာ ခံခဲ့ရတယ်။ လေးရွာပေါင်း အိမ်ခြေ ၅၃လုံး မီးလောင်ပျက်ဆီးဆုံးရှုံးသွားတယ်။ ကျွန်တော်တို့အိမ်တော့ မီးလောင်တဲ့အထဲ မပါခဲ့ဘူး။ ဒါပေမဲ့လည်း ကိုယ့်မိသားစုအပါအဝင် ရွာသားတွေ အကုန်ပြေးကြလွှားကြ ပုန်းကြနဲ့ ရှုပ်ယှက်ခပ်နေတာ။ ပြေးကြတော့လည်း သမီးက သူ့အဖွားနဲ့အတူ ရှိနေခဲ့တာ။ အဖွားဖြစ်သူက ရွာတွေမီးရှို့ခံနေရတဲ့ မြင်ကွင်းကို အဝေးကကြည့်ပြီး မခံစားနိုင်ဘဲ အဲဒီနေရာတင် နှလုံးရပ် သေဆုံးသွားတယ်။ ကျွန်တော့်သမီးက သူ့အဖွား သူ့‌ရှေ့တင် ဆုံးသွားတာရယ်၊ မီးလောင်တာတွေရယ်ကို မြင်ပြီး စိတ်ပုံမှန်မဟုတ်တော့ဘဲ ပြောချင်တာပြော လုပ်ချင်တာလုပ်နေတော့တာ” လို့ ပြောပြလာသူက သူမရဲ့ ဖခင်။
တကယ်တော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်မှုတွေကြောင့် သောကရောက် သည်းခြေပျက်ခဲ့ရတဲ့ CDM ဆရာမလေးရဲ့ ဖြစ်စဉ်က ၂၀၂၂ ခုနှစ်အတွင်းက ဖြစ်ခဲ့တာဆိုပေမယ့် စစ်ရှောင်ရင်း ကုသမှုမရလို့ အခြေအနေ ပိုပိုဆိုးဝါးလာတာကြောင့် သိခွင့်ရခဲ့တာပါ။
လွန်ခဲ့တဲ့အပတ်က ကိုးတောင်ဘို့တိုက်နယ်ထဲ မြေပြင်ရောက် အကိုတစ်ယောက်က ဖုန်းဆက်ရင်း အကူအညီ တောင်းတာကြောင့်သာ သိခွင့်ရခဲ့တာပါ။ စစ်ဘေးရှောင်နေရတဲ့ CDMဆရာမလေးရဲ့ စိတ်ကျန်းမာရေး အခြေအနေက မကောင်းလာတာကြောင့် အရေးပေါ် ဆေးကုသဖို့ လိုအပ်လို့ ကူညီကြဖို့ ဖုန်းဆက်လာတာပါ။ ကိုယ်တိုင်က လှူဖို့ ကူဖို့အရေးမှာ အဖွဲ့အစည်းနဲ့ လုပ်ရတာကြောင့် ဆုံးဖြတ်ရခက်တာနဲ့ လုပ်ဖော်ကိုင်ဘက် နောင်တော်ကြီးဆီ ဖုန်းဆက်၊ အကျိုးအကြောင်းပြောပြီး လှူမယ့်အရေးတိုင်ပင်ဆွေး‌နွေးခဲ့ကြတယ်။
ဒါနဲ့ပဲ နောင်တော်ကြီးက ဆေးကုသဖို့အတွက် ငွေနှစ်သိန်းတော့ လှူလိုက်ပါလို့ ပြောလာတာမို့ မြေပြင်က သွားလှူပေးမယ့် အကိုဆီ ငွေလွှဲပေးပြီးနောက် “ဆရာမရဲ့ မိသားစုနဲ့ တွေ့တဲ့အခါ ဖုန်းပြောပြီး အကျိုးအကြောင်းလည်း သိချင်တာ ကူညီပေးပါဦး” လို့ ဆိုခဲ့တာကြောင့် မြေပြင်က အဖွဲ့တွေက သွားရောက်ကူညီ လှူဒါန်းတဲ့အခါမှာ ဆရာမလေးရဲ့ အခြေအနေကို အခုလို သိခွင့်ရခဲ့တာပါ။
“တောထဲ ပြေးရင်းလွှားရင်း စစ်ရှောင်ရတာ များများ၊ အလုပ်အကိုင်‌တွေလည်း ခက်ပြီး ဝင်ငွေမရှိတာကြောင့်မို့ ဗမာဆေးမြီးတိုလောက်ပဲ ကုသပေးနိုင်တယ်။ အခုက ကြာလေ ကျန်းမာရေးအခြေအနေက ပိုဆိုးလာလေ ဖြစ်နေတာ။ သူ့စိတ်က ကလေးသာသာအသိပဲ ရှိတော့တယ်။ လိုချင်တာ ဂျီကျ ငိုယို‌တောင်းတယ်။ သူ့ဘာသာ သေကြောင်းကြံတာလည်း ခဏခဏလုပ်လို့ အမြဲစောင့်ကြည့်နေရတယ်” လို့ ကြေကြေကွဲကွဲနဲ့ CDM ဆရာမလေးရဲ့ ဖခင်က အခြေအနေအသေးစိတ်ကို ပြောပြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းတွေဟာ စစ်အုပ်စုလက်အောက်တော့ အလုပ်မလုပ်ဘူးဟေ့ ဆိုတဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ အကြမ်းမဖက် အာဏာဆန့်ကျင်မှု – CDM လှုပ်ရှားမှုထဲ ပါဝင်ခဲ့ကြတာပါ။ တည်ငြိမ်မှုကို ပြန်ပြလိုတဲ့ စစ်တပ်အတွက် CDM လှုပ်ရှားမှုက တကယ်ကို ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်စေတာကြောင့် CDM လုပ်တဲ့ ဝန်ထမ်း တွေဟာ အဓိက ရန်သူတော်အဖြစ် အကြမ်းဖက်စစ်တပ်က သတ်မှတ်ခဲ့ပါတယ်။ CDM ဝန်ထမ်းတွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်တာတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ CDM လုပ်တာဟာ ရာဇဝတ်မှု ကျူးလွန်ခြင်းပဲ ဆိုတာမျိုး ဝါဒဖြန့် တိုက်ခိုက်သလို တစ်ဖက်မှာလည်း CDM မလုပ်တဲ့ ဝန်ထမ်းတွေကို ရာထူးတိုးပေးတာ၊ တခြားအခွင့်အရေးပေါင်းစုံပေးပြီး ခွဲခြား ဆက်ဆံပြခဲ့ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့ ရန်သူတော်အဖြစ် သတ်မှတ်ခံထားရတဲ့ CDM ဝန်ထမ်းတွေဟာ စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ CDM ဆက်လုပ်နေ ကြပေမယ့် နိစ္စဓူဝကြုံတွေ့နေရတဲ့ လူမှုစီးပွား သောကတွေကိုတော့ မရှောင်လွှဲနိုင်ကြပါဘူး။ နိစ္စဓူဝ စား၊ ဝတ်၊ နေရေးပြဿနာတွေအပြင် စစ်အုပ်စုရဲ့ ဖမ်းဆီးနိုင်မှု၊ စစ်တပ်ရဲ့ အရပ်သားသူလျှို အုပ်ကြီးတွေ၊ ပျူစောထီးတွေရဲ့ လက်ထောက်ချခံရမှုပြဿနာတွေကလည်း တပုံတပင် ရှိပါသေးတယ်။ ဒါ့အပြင် ကိုယ်နေတဲ့ ရပ်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက စီးနင်း၊ မီးရှို့မှုတွေကြောင့် အခုလိုမျိုး သည်းခြေပျက်တဲ့အထိ စိတ်ထိခိုက်သွားရတဲ့ CDM ဆရာမလေးလိုမျိုး အဖြစ်အပျက်တွေကလည်း တပုံတပင်ပါ။
(ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်မှ ဖော်ပြထားသည့် ဆောင်းပါးဖြစ်သည်။ အဖွဲ့တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် အများပြည်သူများ သိရှိနိုင်စေရန် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။)
#CjPlatform #CDM #ကျွန်းလှ #ပညာရေး
CJ Platform ၏ သတင်းများအား
Website :https://cjplatform.com/
Facebook :https://www.facebook.com/cjplatformburma/
YouTube :https://www.youtube.com/@cjplatform
Twitter :https://twitter.com/CjPlatform
Telegram :https://t.me/cjplatform
တို့တွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။