အဖြူရောင်သပိတ်တွင် မရည်ရွယ်ဘဲ ပါဝင်ဖြစ်သွားသည့် မြောင်းမြထွေ/အုပ်အဖွဲ့

Author လင်းနွေဦး
Categories
Published on Feb 02, 2024

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်ကောင်စီခန့် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ထွေ/အုပ်များမှ တော်လှန်ရေးအင်အားစုဘက်မှပြုလုပ်သည့် အသံတိတ်သပိတ်/အဖြူရောင် သပိတ်လှုပ်ရှားမှုတွင် မရည်ရွယ်ဘဲ ပါဝင်မှုဖြစ်ပွားခဲ့ကြောင်း မြောင်းမြဒေသခံများထံမှ သိရသည်။

 

ဖြစ်စဉ်မှာ စစ်ကောင်စီသည် အာဏာသိမ်းသုံးနှစ်ပြည့် ယမန်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တော်လှန်ရေးအင်အားစုများဘက်မှပြုလုပ်သည့် အသံတိတ်သပိတ်/အဖြူရောင်လှုပ်ရှားမှုသပိတ်တို့ကို ပျက်ပြယ် ရန် ရည်ရွယ်ချက်ဖြင့် ထွေ/အုပ်အဖွဲ့ဝင်များကို လမ်းမများ၌ လူစည်ကားသယောင်စေခိုင်းခဲ့ရာမှ အစပြုခြင်းဖြစ်သည်ဟု မြောင်းမြဒေသခံတစ်ဦးက ဆိုသည်။

 

“သူတို့တွေ လူစည်ကားအောင်လုပ်ဖို့ အမိန့်ရလို့ မနေ့က မနက် ၉ နာရီခွဲမှာ အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်လိုက်တယ်။ လစာ ထုတ်ရက်လည်းဖြစ်တော့ လစာထုတ်မပေးသေးဘဲ ၁၁ နာရီခွဲလောက်မှာ ထမင်းစားနားပေးလိုက်တယ်။ အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးရှိတယ်ဆိုတော့ အင်္ကျီဖြူတွေ ဝတ်လာကြတာ” ဟု ၎င်းက CJ Platform သို့ ပြောသည်။

 

လူစည်ကားသည့်ဟန် ဓာတ်ပုံများရိုက်၍ ဝါဒဖြန့်ချိရမည်ဖြစ်သဖြင့် အင်္ကျီဖြူများကို အပြင်မထွက်မီ လဲလှယ်ရန် ထွေ/အုပ်များက ပြောဆိုသော်လည်း မည်သူမျှ အင်္ကျီအပိုမပါလာခဲ့၍ ၎င်းတို့သည့် အင်္ကျီမလဲဘဲ အင်္ကျီဖြူများ ဖြင့်ပင် လမ်းမများ၌ လျှောက်သွားခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါဒေသခံက ထပ်မံပြောကြားသည်။

 

“သူတို့ သွားတဲ့ အချိန်က ၁၁ နာရီခွဲလောက်ကြီးဆိုတော့ နေလည်းပူနေတာ။ အင်္ကျီတွေကလည်း ထင်းနေရော။ မလှမ်းမကမ်းမှာ လုံခြုံရေးယူပေးတဲ့သူတွေလည်း ပါတယ်။ အကုန် အင်္ကျီဖြူတွေနဲ့ မြို့ထဲလျှောက် သွားနေကြတာ။ မသိရင် အဖြူရောင်ကမ်ပိန်းကြီးကို ဖြစ်နေရော။ မြို့ခံတွေမှာ သူတို့ကိုကြည့်ပြီး ရယ်လိုက် ရတာဆိုတာ” ဟု အသက် ၃၅ နှစ် အရွယ် မြောင်းမြမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

 

NUG အစိုးရနှင့် တော်လှန်ရေးအင်အားစုများမှ စစ်ကောင်စီ၏ အာဏာသိမ်း သုံးနှစ်ပြည့်နေ့တွင် အသံတိတ် သပိတ်နှင့် အဖြူရောင်သပိတ်တို့ကို မြန်မာနိုင်ငံတဝန်းပြုလုပ်ရန် နှိုးဆော်မှုကြောင့် အမြို့မြို့အနယ်နယ်ရှိ ပြည်သူများ ပါဝင်ခဲ့ကြပြီး ထိုသို့ပြည်သူများ ပါဝင်ကြသည်ကို ဝါဒဖြန့်ချိရန် စစ်ကောင်စီဘက်က ကြိုးပမ်းရာမှ ယခုကဲ့သို့ လွဲချော်မှုများဖြစ်ခဲ့ရခြင်းဖြစ်ကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ- လူမှုကွန်ရက်