အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့သည့် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ ကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဟု AA ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 12, 2022

အပြစ်မဲ့ပြည်သူများကို ဦးတည်တိုက်ခိုက်ခဲ့သည့် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ ကို အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က နို၀င်ဘာ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

နို၀င်ဘာ ၁၀ ရက် ၊ ညနေပိုင်းတွင် စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ ၅၅၀ တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရွာအတွင်းရှိ သက်ကြီးပိုင်းအပါအ၀င် အပြစ်မဲ့ပြည်သူ ၉ ဦးထက်မနည်းကို သွေးအေးအေးဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်သည် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သောလုပ်ရပ်များထဲမှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် စစ်ရာဇ၀တ်မှုများကျူးလွန်းခြင်းတစ်ခုပင်ဖြစ်သည်ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နို၀င်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်လည်း ခမရ ၅၅၀ တပ်ရင်းသည် စစ်တွေပါဒလိပ်၊ ကွမ်းတောင် တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွားများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး၊ အမျိုးသမီးများနှင့် ကလေးငယ်များ အပါအ၀င် ပြည်သူ ၅ ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

နို၀င်ဘာ ၁၀ ရက် နံနက် ၇ နာရီတွင် စစ်ကောင်စီ၏ ထောက်ပို့ပစ္စည်းကား တစ်စီးကို AA မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအကြားတွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ကို လက်တုံ့ပြန်သောအားဖြင့် တိုက်ပွဲနှင့် လုံး၀မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို စစ်တပ်မှ ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်၏ လူမျိုးရေးအမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမှုလုပ်ဆောင်ခဲ့သည့် စစ်ရာဇ၀တ်ကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်းအခြေစိ်ုက် ခမရ ၅၅၀ နှင့် ယခုဖြစ်ရပ်တွင် ပါ၀င်ပတ်သက်ကျူးလွန်ခဲ့သော သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဟု AA ကဆိုသည်။

ထို့ပြင် လက်နက်ကိုင်အချင်းချင်း ရင်ဆိုင်မတိုက်ဘဲ အပြစ်မဲ့ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကော်စီ ယခုလုပ်ရပ်သည် စက်ဆုပ်ရွံရှာဖွယ် လုပ်ရပ်ဖြစ်ပြီး လူမဆန်သော အရိုင်းအစိုင်းများ၏ လုပ်ရပ်များကြောင့် အသက်၊ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည်သူများအတွက် လွန်စွာ၀မ်းနည်း စိတ်မကောင်းဖြစ်မိကြောင်း AA ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #ရခိုင်ပြည် #AA #ပုဏ္ဏားကျွန်း

Related News

Depend on news