အပူချိန် ဆက်တိုက်မြင့်လာနိုင်သဖြင့် အလယ်ပိုင်းဒေသများ ရေရှားနိုင်မှုအတွက် ကြိုပြင်ထားသင့်ဟု မိုးဇလပညာရှင် သတိပေး
မတ်လမှ စပြီး နေ့အပူချိန်ဆက်တိုက် မြင့်လာပြီး နွေရာသီ ပီပီပြင်ပြင် ဖြစ်လာမည် ဖြစ်သဖြင့် အလယ်ပိုင်းဒေသများ၌ ရေရှားပါးမှုအတွက် ကြိုပြင်ထားရန် မိုးဇလပညာရှင် ဦးဝင်းနိုင်က ၄င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် သတိပေးရေးသားထားသည်။
ယခု ဖြစ်ပေါ်နေခဲ့သည့် လာနီညာ ဖြစ်စဥ်သည် မတ်လ လယ်လောက်တွင် ကုန်ဆုံးဖွယ် ရှိနေပြီး ယင်းနောက်ပိုင်းတွင် လာနီညာနှင့် အယ်လ်နီညို ဖြစ်စဥ်များ မဟုတ်သည့် ပုံမှန် ရာသီဥတု ဖြစ်စဥ်မျိုး ပြန်လည်ရောက် ရှိသွားမည် ဖြစ်ကြောင်း သိရသည်။
“ဧပြီလဆန်းပိုင်းလောက်က စ ပြီး အားပျော့တဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်က အစပျိုးလာမယ်၊ ဇွန်/ဇူလိုင်နဲ့ဩဂုတ်လတွေက စ ပြီး တဖြည်းဖြည်းအားကောင်းလာနိုင်တဲ့ အယ်လ်နီညိုဖြစ်စဉ်က စက်တင်ဘာ/အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အားအသင့်အတင့်ရှိတဲ့ အခြေအနေကို ရောက်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတာလဲ တွေ့ရပါတယ်။” ဟု ဦးဝင်းနိုင်က ဆိုသည်။
ထို့ပြင် လတ်တလောကာလမှ လာမည့် မတ်လကုန်ထိ အတွင်း ပစိဖိတ်သမုဒ္ဒရာအနောက်မြောက်ပိုင်း၌ အရှေ့မြောက်လေစီးကြောင်း အားကောင်းနေမည် ဖြစ်ပြီး အဆိုပါ လေစီးကြောင်းမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်သန်း၍ အိန္ဒိယသမုဒ္ဒရာအလယ်ပိုင်းအထိရောက်လာဖွယ် ရှိနေခြင်း၊ မြောက်ဘက် ဟိမဝန္တာတောင်ကြောပေါ်၌ လေဖိအားများရပ်ဝန်းများ၏ အခြေအနေကြောင့် အနောက်လေစီးကြောင်း သည်လည်း မြောက်ပိုင်း ဒေသများတွင် အားကောင်းဖွယ်ရှိကြောင်း သိရသည်။
အဆိုပါ အခြေအနေများကြောင့် မတ်လအတွင်း တစ်နိုင်ငံလုံး၌ နွေရာသီ ပီပီ ပြင်ပြင် ဖြစ်ပေါ်လာမည် ဖြစ်ကာ အလယ်ပိုင်းဒေသများသည် ဇွန်၊ ဇူလိုင် လ ဝန်းကျင်မှသာ မိုးပြန်လည် ရရှိဖွယ် ရှိကြောင်း ဦးဝင်းနိုင်က ခန့်မှန်းထားသည်။
” မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ကျန်ဒေသတွေမှာတော့ မုတ်သုံရာသီအစပိုင်းကာလ(ခန့်မှန်း ဇွန်/ဇူလိုင်လများ)အထိ မိုးရွာသွန်းနိုင်မဲ့အခြေအနေက နည်းနေနိုင်ပါတယ်။” ဟု ၄င်းက ခန့်မှန်းသည်။
သို့ဖြစ်ရာ အလယ်ပိုင်းဒေသများသည် ရေရှားလာနိုင်မည့် အရေးနှင့် အပူဒဏ် ခံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်သင့်နေပြီဟု ဦးဝင်းနိုင်က သတိပေးလာခဲ့သည်။
“အလယ်ပိုင်းဒေသတွေမှာ အပူသက်သာစေမဲ့နည်းလမ်းတွေနဲ့ ရှားပါးလာနိုင်မဲ့ သောက်သုံးရေအတွက် ကြိုတင်အစီအမံတွေကိုလဲ စတင် လုပ်ထားသင့်ပြီဖြစ်ပါတယ်။” ဟု ဦးဝင်းနိုင်က သတိပေးသည်။
သို့သော်လည်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ၌ စစ်ကောင်စီ တပ်များ၏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုများကြောင့် စစ်ကိုင်းနှင့် မကွေးနှစ်ခု၌ပင် စစ်ဘေးရှောင် တစ်သန်းဝန်းကျင်ထိ နေရပ်စွန့်ခွာနေရပြီး အိမ်ခြေ လေးသောင်းကျော် မီးရှို့ဖျက်ဆီး ခံထားရသည်။
အဆိုပါ အခြေအနေများကြောင့် အပူချိန် မြင့်မားပြီး ရေရှားလာမည့် အရေးအတွက် ဒေသခံများ အနေဖြင့် ပြင်ဆင်ထားရန် အခြေအနေ နည်းပါးလျက် ရှိသည်ကို တွေ့ရသည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
ပုံစာညွှန်း – ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများကို မြင်ရပုံ
#CjPlatform #ရေရှားပါးမှု #စစ်ဘေးရှောင် #အပူချိန်မြင့်တက်နိုင်