အပစ်အခတ်ရပ်စဲရန် လိုလားသည်ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူမှဆို

Author အဂ္ဂ
Categories
Published on Oct 28, 2023

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအာင်း (PSLF/TNLA) နှင့် ရက္ခိုင် (ULA/AA) တို့ရဲ့ အောက်တိုဘာ (၂၇) ရက်နေ့တွင် စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် မြန်မာပြည်မြောက်ပိုင်း နေရာအနှံ့အပြားမှာ စစ်ပွဲများ ဖြစ်ပွားနေတာကြောင့် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ်ရေး အစီအမံများ ဆောင်ရွက်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  Mao Ning (မောင်းနင်) က ပြောခဲ့တယ်လို့ Beijing Daily သတင်းဌာန ဖော်ပြချက်အရ သိရပါတယ်။

 

ဒီပြောကြားချက်ကိုတော့ ယမန်နေ့ (အောက်တိုဘာ ၂၇) မှာလုပ်ဆောင်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တာလို့လည်း သိရပါတယ်။

 

သတင်းထောက်တစ်ယောက်က “သတင်းတွေအရ မကြာသေးခင်ကပဲ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်ကြားမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီကိစ္စအပေါ်မှာ တရုတ်အနေနဲ့ ဘယ်လိုသဘောထားမှတ်ချက်ပေးလိုပါသလဲ” လို့ မေးတဲ့မေးခွန်းကို နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူက အခုလိုပဲ ဖြေခဲ့ပါတယ်။

 

“တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး အပစ်အခတ်ရပ်စဲဖို့နဲ့ စစ်ပွဲကို တတ်နိုင်သမျှ အမြန်ဆုံးရပ်ပစ်စေဖို့ကိစ္စကို အထူးအလေးထားပါတယ်။ သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးပြီး အခြေအနေတွေပိုပြီးဆိုးမလာအောင် ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ညှိနှိုင်းတိုင်ပင်တာမျိုးကိုပဲ အလေးအနက်တိုက်တွန်းတောင်းဆိုချင်ပါတယ်။ ပြီးတော့ တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကိစ္စတွေကိုလည်း လက်တွေ့ကျပြီး ထိရောက်တဲ့အစီအမံတွေဆောင်ရွက်နေပါတယ်” လို့   Mao Ning (မောက််နင်) က ဖြေခဲ့တာပါ။

 

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ တရုတ်ဘက်ခြမ်းက စစ်ဘေးရှောင်တွေအတွက် နယ်စပ်အချို့ ဖွင့်ပေးနေတယ်လို့လည်း သိရပါတယ်။ အဲ့ဒီသတင်းကိုတော့ CJ Platform အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

 

ပုံစာညွှန်း –  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning

(တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

Related News

Depend on news