အနောက်ဘုန်းကန်ရွာမှာ စခန်းချနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

Author ခေတ်နီ
Categories
Published on Feb 02, 2023

 

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် မြောက်ပိုင်းရှိ အနောက်ဘုန်းကန်ကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုရှိနိုင်ကြောင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့ -မြိုင်(MRGF)က သတင်း ထုတ်ပြန်ထားသည်။

အနောက် ဘုန်းကန်ကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျုစောထီးအဖွဲ့များသည် ပခုက္ကူအနောက်ပိုင်းနှင့် မြိုင်မြို့နယ်တောင်ပိုင်း ဒေသများကို စစ်ကြောင်းထိုးနေစဥ် ကျေးရွာအတွင်း ကျန်ခဲ့သည့် တပ်ဖွဲ့များကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ရက်နေ့တွင် သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း မဟာမိတ်အဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များ ဒရုန်းများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များမှ ပြန်လည်ပစ်ခတ်တာကြောင့် နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အရပ်သား ထိခိုက်မှုတော့ မရှိဘူးဗျ၊ တိုက်ပွဲအတွင်း ဖြစ်စဉ်ကတော့ တင်ထားတာနဲ့ Video file ထဲက အတိုင်းပါပဲ ကျနော်တို့တွေက ကျန်ခဲ့‌တဲ့ စခ ပခတွေကို အလစ်အငိုက်သွားတိုက်တယ် အဓိကကတော့ စစ်ကြောင်းထိုးတဲ့စခ ပခတွေကို မင်းတို့က ပြည်သူတွေရဲ့ အသက် အိုးအိမ် ပစ္စည်းတွေကို စစ်ကြောင်းထိုးပြီး လိုက်လံ ဖျက်ဆီးနေတဲ့အချိန်မှာ ကျန်ခဲ့တဲ့ မင်းတို့မိသားစုဝင်တွေနဲ့ စခန်းဘယ်လိုကျန်ခဲ့လဲ သိသွားစေချင်တာပါ”ဟု
MRGF အဖွဲ့ခေါင်းဆောင် ကပ္ပတိန်ဇက်မှ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုကို မသိရှိရသေးဘဲ ထိုတိုက်ခိုက်မှုကို ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်)နှင့် ပခုက္ကူ ၊မြိုင်၊ ရေစကြိုမှ မဟာမိတ်အဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မကွေးတိုင်း #ပခုက္ကူမြို့နယ် #အနောက်ဘုန်းကန်ကျေးရွာ