အနုပညာရှင်များ၊ ၀န်ကြီးဟောင်းများ၊ သတင်းထောက်များနှင့် နိုင်ငံခြားသားများ အပါအ၀င် ၅၇၇၄ ဦးအား လွတ်ငြိမ်းခွင့်ပြု

Author ကိုပေါက်
Categories
Published on Nov 17, 2022

 

အနုပညာရှင်များ၊ ၀န်ကြီးဟောင်းများနှင့် နိုင်ငံခြားသားများ အပါအ၀င် အကျဉ်းကျနေသူ ၅၇၇၄ စစ်ကောင်စီက ယနေ့(နို၀င်ဘာ ၁၇ ရက်) တွင် ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းဖြင့် ပြန်လွှတ်ပေးသူများတွင် အကျဉ်းသား ၆၁၈ ယောက်၊ အကျဉ်းသူ ၉၄ ယောက်စုစုပေါင်း ၇၁၂ ယောက်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်လည်လွတ်မြောက်လာသူများတွင် စစ်ကောင်စီမှ မတရားအမှုဆင်ဖမ်းဆီးထားသည့် နိုင်ငံခြားသားလေးဦးပါ၀င်ပြီး အဆိုပါသူများသည် မစ္စတာရှောင်တာနယ်(သြစတေးလျ)၊ မစ္စပီတီဘိုမင်း(ဗြိတိန်)၊မစ္စတတိုရိုကူဘိုတာ(ဂျပန်)နှင့် ဦးကျော်ဌေးဦး(အမေရိကန်နိုင်ငံသား) တို့ဖြစ်သည်။

ထို့ပြင် NLD အစိုးရလက်ထက်က အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် တနင်္သာရီတိုင်း၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် ပြန်လည် လွတ်မြောက်ခဲ့ပြီး၊ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးခဲ့သည့် ၀န်ကြီး ဦးကျော်တင့်ဆွေလည်း လွတ်ငြိမ်းတွင် ပါ၀င်ခဲ့သည်။

ယင်းအပြင် စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် သံလွင်သွေးချင်း သတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ဒေါ်မြ၀န်းရံ၊ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆတ်လင်း၊ အမျိုးသမီးသတင်းထောက်များဖြစ်ကြသည့် မသူဇာနှင့် မငြိမ်းငြိမ်းအေးတို့လည်း ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။

၅၀၅ က ဖြင့် အမှု့ဖွင့်လှစ်ခံထားရသည့် နီနီခင်ဇော်၊ ဘုန်းသိုက်၊ ဟေမန်သူ၊ ထက်ထက်ထွန်း၊ နန်းခင်ယျော၊ သဇင်ထူးမြင့် အပါအ၀င် အနုပညာရှင် ၁၁ ဦးကို အမှုပိတ်သိမ်းခဲ့ပြီး နှစ်ဦးကို ခံ၀င်ထိုးခိုင်းထားကြောင်းသိရသည်။

ပြန်လည်လွတ်မြောက်သူများတွင် ရှစ်လေးလုံးအရေးတော်ပုံ ကျောင်းသားခေါင်းဆောင် ကိုမြအေးလည်း ပါ၀င်သည်ဟု သတင်းများထွက်ပေါ်နေသော်လည်း CJ Platform အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယနေ့ စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည်ဟု ကြေငြာထားသော်လည်း အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်သူများကို လာရောက်စောင့်ဆိုင်းသူပင် မရှိသလောက်နည်းပါးနေသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ မတရားဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခြင်းသည် နိုင်ငံတကာဖိအားကို လျှော့ချနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု လည်း ဝေဖန်မှုများရှိနေသည်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ နို၀င်ဘာ ၁၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က ဖမ်းဆီးထားသူ ၁၃၀၁၅ ဦးရှိပြီး ၁၆၄၈ ဦးသည် ထောင်ဒဏ်ချမှတ်ခံထားရသည်။

ဓာတ်ပုံ- CJ Platform

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #နိုင်ငံရေးအကျဉ်းသား #အမျိုးသားနေ့ #လွတ်ငြိမ်းသက်သာ