အနိမ့်ဆုံးလုပ်ခလစာ ပြင်ဆင်မည်ဟု စစ်ကောင်စီပြောဆိုမှု ရွေးကောက်ပွဲအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်ဟု အလုပ်သမားရေး တက်ကြွသူများ သုံးသပ်

Author ခေတ်နီ
Categories
Published on Nov 30, 2022

အနိမ့်ဆုံးလုပ်ခလစာကို ပြင်ဆင်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီး၏ ပြောဆိုမှုသည် စစ်ကောင်စီက လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဖြစ်နိုင်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများက သုံးသပ် ပြောဆိုထားသည်။

ပြည်တွင်းရှိ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခလစာနှုန်ထားကို ပြင်ဆင်ရန် စီစဥ်နေကြောင်း
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက နိုဝင်ဘာ ၂၅ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ အလုပ်သမား ဝန်ကြီးဌာန၏ ခြောက်လပတ် အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုလို စစ်ကောင်စီခန့်ဝန်ကြီး ဦးပွင့်ဆန်း၏ ပြောဆိုမှုသည် စစ်ကောင်စီမှ လုပ်ဆောင်မည့် ရွေးကောက်ပွဲတွင် အလုပ်သမားများထံမှမဲကို ရယူနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများမှ သုံးသပ်ထားသည်။

“ပြီးခဲ့တဲ့ ၂လလောက်တည်းက အသံကြားနေရတာ စစ်ကောင်စီဘက်က အခြေခံလစာတိုးပေးမယ်ဆိုတာကို ဒါက စေတနာရှိလို့မဟုတ်ဘူး သူတို့ မဲဆွယ်ဖို့ပဲ သူတို့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ဖို့ရည်ရွယ်တာ
အလုပ်သမားတွေ မဖြစ်မနေ မဲထည့်ရမယ်လို့ ပြောလာလိမ့်မယ်”ဟု မြန်မာနိုင်ငံ အထွေထွေ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWMမှတာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအလုပ်သမားများ၏ အနိမ့်ဆုံးအခကြေးငွေသည် တစ်ရက်လျင်ကျပ် ၄၈၀၀ နှုန်းသာဖြစ်ပြီး ယင်းနှုန်းထားအား ပြီးခဲ့သည့် အရပ်သား NLDအစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။  အနိမ့်ဆုံးလုပ်ခလစာအား ၂ နှစ်တစ်ကြိမ် ခေတ်နှင့်လျှော်ညီစွာ ပြင်ဆင်ရန် ဥပဒေပြဌာန်းထား​ခဲ့သော်လည်း လက်ရှိအချိန်အထိ ပြင်ဆင်ထားခြင်းမရှိပေ။

ထို့အပြင် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်သမားများ၏ အခွင့်အရေး ရပိုင်ခွင့်များမှာလည်း ချိုးဖောက်ခံနေရပြီး စီးပွားရေး မတည်မငြိမ်ဖြစ်မှုများကြောင့် ကုန်စျေးနှုန်း ကြီးမြှင့်လာမှုများကို အလုပ်သမားများ ခါးစည်းခံနေရတာပဲ ဖြစ်သည်။

“တစ်နေ့ကို ၄၈၀၀ ဆိုတာ ဒီခေတ်အခြေအနေနဲ့မလောက်ဘူးလေ အာဏာမသိမ်းခင်ကာလက ၄၈၀၀ဆိုတာ ၂ ဒေါ်လာဝန်းကျင်ပဲ အခုက ကျပ်ငွေစျေးကျတော့ လစာတိုးပေးလဲ ၂ ဒေါ်လာဝန်းကျင်ပဲရမှာပါပဲ သူတို့ ဘယ်လောက် တိုးမလဲဆိုတာတော့ မသိသေးဘူး တိုးပေးလဲ အဲ့ဝန်းကျင်ပေါ့ အလုပ်ရှင်ရဲ့အိတ်ထဲက ဘယ်လောက်မှပါမသွားဘူး လေ သူတို့(စစ်ကောင်စီ)က အလုပ်ရှင်တွေနဲ့ ညှိပြီးလုပ်တာပေါ့ “ပေါ့ဟု အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတစ်ဦးက CJ Platform သို့ မှတ်ချက်ပြုသည်။ ​

ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ခွင်များအတွင်း အလုပ်သမားများ၏ အခွင့်အရေးများ ချိုးဖောက်ခံနေရမှုကို စစ်ကောင်စီ၏ အလုပ်သမားဌာနများအနေဖြင့် ကြားဝင်ဖြေရှင်းပေးရာတွင် အလုပ်ရှင်ဘက်မှ လိုက်ကာ ဖြေရှင်းပေးမှုအပေါ်မှာလည်း ဝေဖန်မှုများရှိနေသည်။

“သူတို့က ပြည်သူတစ်ရပ်လုံးအပေါ် စေတနာမရှိတာ သိပြီးသားပဲလေ အခုက အလုပ်သမားတွေသူတို့ကို ထောက်ခံမလား လို့ လုပ်နေတာပေါ့ အဓိကကတော့ သူတို့လုပ်မယ့်ရွေးကောက်ပွဲမှာ အလုပ်သမားတွေဆီက မဲကို သူတို့ရဖို့ လုပ်နေတာ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီမှ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ခွင်အတွင်း အလုပ်သမားများ၏အခွင့်အရေး ချိုးဖောက်ခံနေမှုသည် နေ့စဥ်နှင့်အမျှ ဆိုးရွားလာနေပြီး အလုပ်ရှင်များမှ အလုပ်သမားများအပေါ် ဖိနှိပ်ဆက်ဆံမှု၊ မတရားအလုပ်ထုတ်မှုများနှင့် နိုင်ငံစီးပွားရေး မတည်မငြိမ်ဖြစ်မှုများကြောင့် ကုန်စျေးနှုန်းကြီးမြှင့်လာမှုများကို အလုပ်သမားများနှင့် ၎င်းတို့၏မိသားစုများမှာ ခါးစည်းခံနေရတာပဲ ဖြစ်သည်။