အနန့်ပါသည် KIA စခန်းမဟုတ်ကြောင်း ဒုတိယဗိုလ် ချုပ်ကြီး ဂွမ်မော်မှ မင်းအောင်လှိုင်ထံစာပေးပို့

Author လင်းခိုင်
Categories
Published on Oct 25, 2022

စစ်ကောင်စီမှ လေယာဉ်သုံးစင်းဖြင့် တိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့သည့် အနန့်ပါသည် KIA စခန်းမဟုတ်ကြောင်း KIO ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်မှ အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင် လှိုင်ထံသို့ ယနေ့တွင် စာပေးပို့ခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဂွမ်မော်က ကိုယ်တိုင်လက်မှတ် ရေးထိုးထားပြီး မင်းအောင်လှိုင်ထံသို့ ပေးပို့သည့် စာတစ်စောင်ကို ယင်း၏ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည်။

အဆိုပါစာတွင် “အနန့်ပါဆိုတာ KIA စခန်းမဟုတ်ပါ။ ခရီးသွားများ ခေတ္တနားကြသော စျေးဆိုင်တန်းစခန်းငယ်လေးသာဖြစ်ပါသည်။ KIO ဗဟိုကော်မတီသည် မြန်မာအစိုးရ အဆက်ဆက်ကို ကူညီထောက်ခံသည့် သူများကိုပင်လျှင် ရန်ဖက်အဖြစ်မသတ်မှတ်ခဲ့ပါ။

ယခု အနန့်ပါ သို့လာရောက်သော ပြည်သူများ၊ ဒေသခံများကို စကစမှ ရန်သူသဖွယ်ပြုမှုခဲ့ပြီဖြစ်သည်။

လူငယ်များကို အခွင့်ကြုံတိုင်း ဘ၀မှာ ပြုပြင်လို့မရနိုင်မည့် အမှားများမလုပ်မိဖို့ ပြောလေ့ရှိပေမယ့် ဒီလိုအမှားများကို လုပ်သူတွေ လူကြီးတွေဘဲဖြစ်နေပါတယ်။ အနန့်ပါတွင် အသက်ဆုံးရှုံးခဲ့ရသူများအားလုံး ကောင်းရာဘုံသို့ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ မိသားစုများအားလုံးထပ်တူကြေကွဲ ၀မ်းနည်းရပါတယ်။ အားလုံးရဲ့၀မ်းနည်းကြေကွဲမှုနဲ့ မျက်ရည်တွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမှုတွေဖြစ်လာမှာပါ” ဟု ရေးသားထားသည်။

အောက်တိုဘာ ၂၃ ရက် ညပိုင်းတွင် စစ်ကောင်စီမှ ဖားကန့်မြို့ အနန့်ပါသို့ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ၊ အနုပညာရှင်များနှင့် KIO အရာရှိရဲဘော် ဆယ်နှင့်ချီကာ သေဆုံးခဲ့ပြီး ၁၀၀နီးပါး ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။

အထက်ပါတိုက်ခိုက်မှုသည် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှုများမြောက်သည်ကို ပြည်တွင်းတော် လှန်ရေးအင်အားစုများ၊ နိုင်ငံတကာမှ ထောက်ပြဝေဖန်မှုများပြုလုပ်ခဲ့ကြသော်လည်း အကြမ်းဖက်စစ် ကောင်စီသည် အမြဲလိမ်ညာခဲ့သည့်အတိုင်း စစ်စည်းကမ်းအတိုင်းဆောင်ရွက်ခဲ့ခြင်းသည် လိမ်ညာ သ တင်းထုတ်ပြန်ခဲ့ပြီး၊ လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်ကိစ္စကိုပင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။