အဓိက ကစားသမားနှစ်ယောက်နဲ့အတူ အမ်ဘတ်ပေလည်း လေ့ကျင့်ခန်းမဆင်းနိုင်သေးလို့ မော်ရိုကိုနဲ့ပွဲအတွက် ပြင်သစ်ပရိသတ်များ စိုးရိမ်နေ

Author မောင်ရှမ်း
Categories
Published on Dec 13, 2022

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာတော့ ကွင်းလယ်လူ ချူအာမန်နီနဲ့ နောက်ခံလူ အူပါမီကာနိုတို့ လွဲချော်ခဲ့ကြပြီး အမ်ဘတ်ပေကလည်း ဘောလုံးနဲ့အတူ လေ့ကျင့်နိုင်ခြင်းမရှိသေးဘူးလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပြင်သစ်ဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး မနက်ဖြန်ညမှာတော့ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံပြင်သစ်အသင်းဟာ ပြိုင်ပွဲမစခင်မှာလည်း အဓိက ကစားသမားတွေဖြစ်တဲ့ ကန်တေနဲ့ ပေါ့ဂ်ဘာတို့ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရသလို လူစာရင်းရွေးချယ်ပြီးမှ ဘန်ဇီမာနဲ့ အန်ကွန်ကူတို့ကိုလည်း လက်လွှတ်ခဲ့ရပါတယ်။ ဒါ့အပြင် အဖွင့်ပွဲမှာပဲ ဘယ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကလည်း ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် အသင်းရဲ့လူစာရင်းကနေ နူတ်ထွက်သွားခဲ့ရပါတယ်။

အခု လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့ကြသူတွေထဲမှာ ချူအာမန်နီဟာ ပေါ့ဂ်ဘာမပါဝင်တဲ့ ကွင်းလယ်မှာ အဓိက ကစားသမားအဖြစ်ကစားထားနိုင်ခဲ့ပြီး အင်္ဂလန်ကို အနိုင်ရတဲ့ပွဲစဉ်မှာလည်း အရေးပါတဲ့အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အူပါမီကာနိုဟာ လည်ချောင်းနာတဲ့ဝေဒနာကြောင့် လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တာလို့ အသင်းက ထုတ်ပြန်ထားပါတယ်။ မော်ရိုကိုနဲ့ပွဲမတိုင်ခင်မှာ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘူးဆိုရင်တော့ သူ့နေရာကို ကိုနာတေနဲ့ ဆလီဘာတို့ထဲက တစ်ယောက်ယောက် ဝင်ကစားမှာဖြစ်ပါတယ်။အမ်ဘတ်ပေကလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝဖြစ်နေပြီး ဗာရန်း၊ ဒမ်ဘီလီနဲ့ သီယို ဟာနန်ဒက်ဇဌ်တို့ဟာလည်း လေ့ကျင့်ခန်းကို အပြည့်အဝမလုပ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ ဒီသတင်းဟာ ပြင်သစ်ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်နေခဲ့ပြီး မော်ရိုကိုနဲ့ပွဲမှာ အဓိက ကစားသမားတွေမပါဝင်နိုင်လို့ ရလဒ်မကောင်းမှာကို စိတ်ပူနေကြတယ်လို့ သိရှိရပါတယ်။