အဌားယာဉ်ဌားစီးသူ နှစ်ဦးမှ ယာဉ်မောင်းအား သတ်ကာ အလောင်းစွန့်ပစ်၍ ယာဉ်အား လုယက်သွား

Author မေ
Categories
Published on Dec 02, 2022

ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ်၌ ဒီဇင်ဘာ ၁ ရက်နေ့က အဌားယာဉ်ဌားစီးသူ နှစ်ဦးမှ ယာဉ်မောင်းအား သတ်ကာ အလောင်းစွန့်ပစ်၍ ယာဉ်အား လုယက်သွားခဲ့ကြောင်း သတ်ဖြတ်ခံခဲ့ရသူ ယာဉ်မောင်း၏ ဇနီးက CJ Platform သို့ ပြောကြားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ရက် ညနေ ၄နာရီအချိန်က ထောက်ကြန့်မြို့၌ နေထိုင်သော အသက် ၃၀ ဝန်းကျင် အဌားယာဉ်မောင်းနှင်သော အမျိုးသားမှာ Taxi ဂိတ်တစ်ခု၌ ယာဉ်အားရပ်တန့်ကာ ခရီးသည်စောင့်ဆိုင်းခဲ့ကြောင်း သိရသည်။ ၎င်း၏ယာဉ် မောင်းနှင်ရန် အလှည့်ရောက်ရှိလာချိန်၌ လူနှစ်ဦးရောက်ရှိလာကာ လှော်ကားသို့ လိုက်ပါပို့ဆောင်ရန် ပြောပြီးနောက် ထွက်လာစဉ် လမ်း၌ ယာဉ်မောင်း၏ လည်ပင်းအား ဓါးဖြင့်ထိုးကာ လှော်ကားလမ်းပေါ်၌ ပစ်ချခဲ့ပြီးနောက် ယာဉ်အား လုယက်သွားကြောင်း သိရသည်။

ဓါးဖြင့်အထိုးခံရမှုကြောင့် ယာဉ်မောင်းအမျိုးသား၏ လည်ပင်း၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကာ လုယက်သူများ ပစ်ချခဲ့သော လှော်ကားလမ်းဘေး၌ သေဆုံးခဲ့ကြောင်း သိရသည်။

” သူတို့က လည်ပင်း ဘယ်၊ညာ နှစ်ဖက်စလုံးကို ဓါးနဲ့ ထိုးသွားတာ။ ကားပေါ်မှာတင် ထိုးသွင်းဒဏ်ရာရော ၊ ပြတ်ရှဒဏ်ရာရော ရပြီး သွေးတစက်စက်နဲ့ ဖြစ်နေတဲ့အချိန် လမ်းပေါ်ကို ပစ်ချပြီး ကားပါလုသွားတာပါ”ဟု လုယက်သတ်ဖြတ်ခံခဲ့ ရသူ၏ဇနီးက CJ Platform သို့ ပြောပြသည်။

သေဆုံးသူမှာ ဇနီး၊ အသက် ၁၀နှစ်အရွယ် ကလေးနှင့် အသက် ၁ နှစ်အရွယ်ကလေးတို့နှင့် အတူနေကာ ယာဉ်မောင်းအလုပ်အား အေးချမ်းစွာ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ သေဆုံးသူအလောင်းအား ဆေးရုံသို့ပို့ဆောင်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ရက်နေ့ကလည်း မန္တလေးမြို့၌ ဘုရားဖူးသွားမည်ဟုဆိုကာ ယာဉ်အား ဌားရမ်းပြီး ယာဉ်မောင်းအား သတ်ဖြတ်၍ ယာဉ်အား လုယက်သွားမှုလည်း ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #အငှားယာဉ် #လုယက်မှု