အညာ့ အလင်း


စစ်ကောင်စီရဲ့ အမှောင်တိုက်သွင်းခံထားရတဲ့ အညာဒေသမှာ အလင်းဆောင်နေကြသူတွေ ရှိနေပါတယ်။ သူတို့ကတော့ ကိုစိုးမိုးအောင်အပါအဝင် သူငယ်ချင်းငါးယောက် ဦးဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ S&C လို့ နာမည်ပေးထားတဲ့ မီးဘေး၊ စစ်ဘေး၊ ပညာရေး ချို့တဲ့နေသူတွေကို ကူညီပေးရေးပရဟိတအဖွဲ့တစ်ခုကို တည်ထောင်ထားကြပါတယ်။

 

အဲဒီအဖွဲ့သူ၊ အဖွဲ့သားတွေဟာ ကျောင်းပညာရေးအပြင် ဗဟုသုတများစွာ ဆည်းပူးလေ့လာနိုင်ဖို့အတွက် ပညာ့အလင်းရောင် စာကြည့်တိုက်၊ S&C အခမဲ့ကိုယ်ပိုင်ကွန်ပျူတာသင်တန်းကျောင်းနဲ့ ဆေးပေးခန်းတို့ကို ဖွင့်လှစ်သင်ကြားပေးနေကြပါတယ်။

 

အဲဒီထဲက ပညာ့အလင်းရောင် စာကြည့်တိုက်ကို အခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ကြပါတယ်။

 

“စာကြည့်တိုက်မှာ စာအုပ်တွေက နိုင်ငံရေး၊ လူကြီးတွေတွက် စိတ်ခွန်အားဖြစ်စေတဲ့စာအုပ်၊ အထင်ကရပုဂ္ဂိုလ်တွေရဲ့စာအုပ်တွေ၊ အဆိပ်တောက်မဖြစ်စေတဲ့စာအုပ်တွေ လှူဒါန်းပေးထားပါတယ်” လို့ S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှာက်ရေးအဖွဲ့ရဲ့ တာဝန်ခံက ပြောပါတယ်။

 

ယခုဆိုရင် S&C ကြောင့် အညာဒေသက ကလေးတွေဟာ ကျောင်းချိန်မတိုင်ခင်နဲ့ ကျောင်းဆင်းချိန်တွေမှာ စာကြည့်တိုက်လေးထဲက စာအုပ်တွေဖတ်ရင်း ကျောင်းပြင်ပဗဟုသုတတွေကို လေ့လာခွင့်ရရှိနေကြပါပြီ။

 

စစ်ကောင်စီတပ်တွေရဲ့အန္တရာယ်ကြောင့် နေ့စဉ်အသက်အန္တရာယ်အတွက် စိုးရိမ်ကြောင့်ကြနေကြရတဲ့ အညာသူ/အညာသားတွေဟာ သားသမီးတွေရဲ့ အနာဂတ်ရည်မှန်းချက်အတွက် ပညာသင်ကြားခွင့် ဆုံးရှုံးမှာကိုလည်း ကြောက်ရွံ့နေကြရတာပါ။ ဒါပေမဲ့ ဒီလိုပရဟိတအဖွဲ့တွေကြောင့် အညာသူ/အညာသားကြီးတွေအတွက် တစ်ပူငြိမ်းစေခဲ့ပါတယ်။

 

အဲဒီလို ကျောင်းပြင်ပဆိုင်ရာဗဟုသုတတွေ လေ့လာခွင့်ရနေခြင်းအတွက် မိဘတွေအနေနဲ့ အတိုင်းမသိဝမ်းသာနေကြပါတယ်။

 

“အရင်ကဆို နိုင်ငံရေးမကောင်းတော့ ကျွန်မတို့ကလေးတွေ အရင်က မြို့သွားထားရအောင်လည်းမဖြစ်၊ ရွာမှာကျောင်းလေးရှိလာခဲ့တာရယ်။ ခုဆို ရွာမှာ ဒီလို ကွန်ပျူတာသင်တန်းရော၊ စာကြည့်တိုက်လေးပါရှိလာတာ မြင်တော့လေ။ တအားဝမ်းတာပါပဲ” လို့ ကျောင်းသားမိဘတစ်ဦးက ဝမ်းပမ်းတသာ ပြောပါတယ်။

 

အညာဒေသမှာ စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက်ဆိုသလို ဒုက္ခပေးမှုတွေကြောင့် ကလေးသူငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာ အာဏာသိမ်းပြီးကတည်းကဖြစ်ပါတယ်။

 

“အနည်းဆုံး စာဖတ်ဖြစ်နေရင် ဗဟုသုတတော့ ရနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ ဖွင့်လှစ် လှူဒါန်းမှုပြုခဲ့တာပါ” လို့ စာကြည့်တိုက် အလှူရှင်တစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ပညာ့အလင်းရောင် စာကြည့်တိုက်နဲ့အတူ ကွန်ပျူတာသင်တန်းကျောင်းလေးတစ်ခုလည်း ကိုစိုးမိုးအောင်တို့တစ်သိုက် ဖွင့်လှစ်သင်ကြားပေးနေကြပါတယ်။ အဲဒီမှာ CDM ဆရာ/ဆရာမတွေအပြင် တက္ကသိုလ်ဝန်ထမ်းဖြေဆိုထားတဲ့ ကျောင်သားတွေနဲ့ တက္ကသိုလ်မတက်ဘဲ CDM ဝင်ထားတဲ့ ကျောင်းသားတွေလည်း တက်ရောက်သင်ကြားနေကြတာပါ။

 

ကွန်ပျူတာသင်တန်းမှာ S&C အဖွဲ့ရဲ့ ကိုယ်ပိုင်ကွန်ပျူတာငါးလုံးနဲ့ အဖွဲ့ထဲက ဆရာ/ဆရာမတွေကပဲ သင်ကြားပေးနေတာဖြစ်တယ်လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။ ကွန်ပျူတာငါးလုံး၊ တစ်ချိန် ငါးယောက်နဲ့ တစ်ရက်ကို ၁၅ ယောက်နှုန်း သင်ကြားပေးနေပါတယ်လို့ သူက ပြောပါတယ်။

 

သင်တန်းကာလ သုံးလဝန်းကျင်မှာ လုပ်ငန်းသုံးအထိ တတ်မြောက်အောင် သင်ကြားနေပြီး သင်တန်းဆင်းလက်မှတ်ပါ စီစဉ်ပေးလျက်ရှိပါတယ်လို့ အာဏာမသိမ်းမီ ဖုန်းနဲ့ ကွန်ပျူတာ ဆက်စပ်ပစ္စည်းလုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ ကိုစိုးမိုးအောင်က ပြောပါတယ်။

 

အခုလက်ရှိ သင်ကြားပေးနေတဲ့ ကွန်ပျူတာသင်တန်းဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမအကြိမ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

သူတို့ဟာ မီးဘေးသင့်သူတွေ၊ ပညာရေးချို့တဲ့သူတွေကို ကူညီရင်းကနေ သူတို့ဟာ ဆေးပေးခန်းတွေအထိပါ ဖွင့်လှစ်ထားနိုင်ခဲ့ပါပြီ။

 

S&C ဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် သုံးခုက ကျေးရွာ ၃၈ ရွာအတွက် ဖွင့်ထားတဲ့ဆေးခန်းဟာ တစ်ပတ်ကို ဒေသခံ ၁၀ဝ ကျော်အား ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့အပြင် မြွေဆိပ်ဖြေဆေးတွေလည်း ကူညီလှူဒါန်းပေးလို့နေပါတယ်။

 

အဲဒီလို ပရဟိတတွေလုပ်ရင်း စစ်ကောင်စီတပ်သားတွေနဲ့ ကြုံတွေ့ခဲ့ရပုံကို ကိုစိုးမိုးအောင်က အခုလိုပြောပါတယ်။

 

“ ထိပ်တိုက်တွေ့တာတွေရှိတယ်ဗျ။ ကျွန်တော်ကိုယ်တိုင်လည်း ထိပ်တိုက်တိုးတာတွေရှိတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကံကောင်းတယ်လို့ပြောရမယ်ဗျ။ ထိပ်တိုက်တွေ့တာဆို သူတို့ကြိုက်တဲ့ပစ္စည်းတွေ နုတ်ယူတာတွေတော့ ကြုံဖူးတယ်။ ဆိုးဆိုးဝါးဝါးတော့မဖြစ်ဘူး။ ဒါလည်း ကံကောင်းတယ်လို့ပြောရမယ်ဗျ” လို့ ဖွင့်ဟပါတယ်။

 

ကိုစိုးမိုးအောင်တို့တစ်သိုက် အညာဒေသအတွင်း ပဇီကြီးဖြစ်စဉ်၊ လက်ယက်ကုန်းဖြစ်စဉ် စတဲ့ဒေသတွေအပြင် မီးဘေးသင့်ဒေသတွေအတွက် အိမ်ခြေအလုံးတစ်ထောင်ကျော် လှူဒါန်းမှုအပြင် စစ်ရှောင်တွေ လုပ်ကိုင်စားသောက်နိုင်ဖို့အတွက် ရက်ကန်းစင်တွေ၊ မီးရှို့ခံရတဲ့ဒေသတွေအတွက် အနွေးထည်၊ စောင်ခြင်ထောင် ကူညီလှူဒါန်းမှုအနေနဲ့ ကျပ်သိန်းပေါင်းနှစ်ထောင်ကျော် လှူဒါန်းနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

 

S&C ရဲ့ ကူညီပေးမှုတွေနဲ့ပတ်သက်ပြီး ရွှေဘိုခရိုင်ထဲက စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက အခုလိုပြောပါတယ်။

 

“စစ်ဘေးရှောင်လာပြီဆို ထမင်းနပ်မမှန်တဲ့ မိသားစုတွေရှိတယ်။ ကိုယ်တိုင်နပ်မမှန်တာက ကိစ္စမရှိဘူး။ ကိုယ့်သားသမီးတွေ ထမင်းနပ်မမှန်တာကကျတော့ ထမင်းစားဖို့အရေး တန်းစီနေရတဲ့ဘဝအခြေနေကနေ ကျော်နိုင်အောင် ရောက်လာတဲ့စစ်ဘေးရှောင်တွေအတွက် ကျွန်တော်တို့ကလည်း ကြိုးစားနေကြရတယ်။ ဒီအတွက် ကူညီပေးနေကြတဲ့ အလှူရှင်တွေနဲ့ အကျိုးဆောင်ပေးတဲ့ S & C ကခေါင်းဆောင်တွေရော ကျေးဇူးတင်လျက်ပါ” လို့ ကျေးဇူးတင်စကားဆိုပါတယ်။

 

ကိုစိုးမိုးအောင်နဲ့အတူ သူငယ်ချင်းတွေဟာ ဒီလိုစာကြည့်တိုက်တွေ၊ ကွန်ပျူတာသင်တန်းတွေ၊ ဆေးပေးခန်းတွေ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ဖို့ အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ၈ လပိုင်း ကိုဗစ်ကာလထဲက စတင်ခဲ့ကြတာပါ။ အဲဒီတုန်းက ကိုစိုးမိုးအောင်နှင့် သူငယ်ချင်းများဆိုတဲ့နာမည်နဲ့ လူမှုကူညီရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့ကြပါတယ်။

 

အဲဒီလိုနဲ့ ကိုဗစ်သမားတွေကို ကူညီကြရင်း ကိုစစ်(စစ်အာဏာသိမ်း)သမားတွေကိုပါ ဝင်ရောက် ကူညီဖြစ်ခဲ့တာပါ။

 

“အာဏာမသိမ်းခင်တည်းက အဖွဲ့စည်းလေးကရှိတာ။ အဲဒီတုန်းကတော့ သူငယ်ချင်း ငါးယောက်လောက်နဲ့ ဆင်းရဲချို့တဲ့သူလေးတွေတို့၊ သွေးလှူတို့ကို ရှိတဲ့သူငယ်ချင်းလေးတွေနဲ့ စုလှူကြတယ်။ အလှူခံတာမျိုး မရှိဘူး။ ကိုယ့်စီးပွားရေးနဲ့ ကိုယ်ရတဲ့ငွေလေးနဲ့ သူငယ်ချင်းတွေစုပြီးလှူကြတယ်” လို့ သူ့အဖွဲ့အကြောင်း ပြောပြပါတယ်။

 

အဲဒီကနေ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ စစ်ကောင်စီတပ်ရဲ့ ဖိနှိပ်မှုဒဏ်ခံရသူတွေကို အဖွဲ့အစည်းကနေ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးပိုင်းတွေကို အဓိကထားလှူဒါန်းနေပါတယ်။ သူငယ်ချင်းငါးယောက်ကစတဲ့ ပရဟိတလုပ်ငန်းဟာ အခုတော့ အဖွဲ့ဝင် ၇၀ ဦးထက်မနည်းရှိနေပါပြီ။

 

S&C အဖွဲ့သားတွေဟာ စစ်ကိုင်းတိုင်း အညာဒေသတစ်ခွင်က ဒုက္ခအတိတွေ့နေ့သူတွေကို ဖြန့်ကျက် ကူညီပေးနေကြသူတွေ ဖြစ်နေကြပါပြီ။

 

သူတို့ဟာ အမှောင်အတိကျနေတဲ့ အညာဒေသမှာ အလင်းတစ်စက်ဖြစ်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။

S&C ခေါင်းဆောင် ကိုစိုးမိုးအောင်ကတော့ အညာဒေသအတွင်း ဒုက္ခတွေ့နေသူတွေကို အခုလို ပြောကြားပါတယ်။

 

“အခုကျွန်တော်တို့က စကစကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေ ‘သန်းခေါင်ထက်တော့ ညဉ့်မနက်’ တော့ပါဘူးလေ။ အကုန်လုံးရှိတာလည်းကုန်ပြီ။ အကုန်လုံးက သုညကနေပြန်စရမယ်ပေါ့။ ဝမ်းစာစပါးကအစ အိမ်တွေမီးရှို့ခံရ၊ ဓားပြတိုက်ခံရ၊ မိသားစုတွေ တကွဲတပြားစီဖြစ်။ အကုန်လုံးလည်း ဒုက္ခတွေရောက် သုညကနေ ပြန်စရမယ်ဖြစ်တဲ့အတွက် အားလုံးအားတင်းပြီးတော့ပဲ ရှေ့ဆက်လျောက်ရမယ်ဗျ”လို့ ဆိုပါတယ်။

 

(မှတ်ချက်။ ယခုဆောင်းပါးတွင် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်နှင့် ကွန်ပျူတာသင်တန်းကျောင်းတို့၏ နေရာဒေသများကို လုံခြုံရေးအခြေအနေစိုးရိမ်ရသည့်အတွက် ထည့်သွင်းမဖော်ပြခြင်းဖြစ်ပါသည်။)