အညာဒေသတွင် စစ်ကောင်စီတပ်များသည် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် လယ်သမားများ၏ စပါးများကို လုယက် ရိတ်သိမ်းရယူနေ

Author လင်းခိုင်
Categories
Published on Nov 26, 2022

အညာဒေသတွင် စပါးရိတ်သိမ်းချိန်၌ စစ်ကောင်စီတပ်များသည် စပါးရိတ်သိမ်းစက်များဖြင့် လယ်သမားများထံမှ ခေါင်းပုံဖြတ် ရိတ်သိမ်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အညာဒေသမှာ စပါးရိတ်သိမ်းချိန်ဆို စစ်ကောင်စီတပ်တွေက စပါးရိတ်စက်တွေနဲ့ ရွာတွေထဲ၀င်ပြီးတော့၊ လယ်ပိုင်ရှင်တွေကို ဘယ်သူလဲမေးတယ်။ သူတို့နဲ့လာတွေ့ ၊ လယ်ပိုင်ရှင်နဲ့ ညှိနှိုင်းလို့ အဆင်ပြေရင် တစ်၀က်ပဲရိတ်မယ်။ အဆင်မပြေလို့ရှိရင် အကုန်ရိတ်မယ်ဆိုပြီး လုပ်တယ်” ဟု ပုလဲမြို့မှ ဒေသခံ တစ်ဦးက CJ Platform သို့ပြောသည်။

ထို့ပြင် အညာဒေသရှိ ပျူစောထီးရွာများတွင် စစ်ကောင်စီတပ်များသည် စပါးရိတ်သိမ်းစက်များထားရှိကာ မတရားလုယူလာသည့် စပါးများကို ဆန်အဖြစ်ပြောင်းလဲပြီး ပြန်လည်ရောင်းချခြင်းများကို ပြုလုပ်နေကြောင်းလည်း ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ခုမှ လယ်သမားတစ်ဦးက ပြောသည်။

“တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေကို စစ်ကြောင်းထိုးပြီး မတရားယူတယ်။ ပြီးရင် သူတို့ ရိက္ခာဆိုပြီး သိမ်းတယ်။ ကိုယ်တွေမှာ ဘာမှ ပြန်ပြောလို့လည်းမရဘူး။ လက်ပိုက်ကြည့်နေရတယ်။ အဲ့ဒီကောင်တွေ မတရားလုပ်တာကို လက်ပိုက်ကြည့်နေရတယ်” ဟု လယ်သမားတစ်ဦးက CJ Platform သို့ပြောသည်။

ယခုကဲ့သို့ လုပ်ဆောင်မှုများသည် လယ်သမားများအပေါ် ယုတ်မာစွာ အမြတ်ထုတ်နေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ ရွာထဲသို့ ၀င်ရောက်လာပါက မည်သည့် ပစ္စည်းမှ ယူချိန်ပင်မရဘဲ ရွာသားများ ထွက်ပြေးရကြောင်း၊ ထွက်မပြေးနိုင်ပါကလည်း ဖမ်းဆီးသတ်ဖြတ်ခြင်းများခံရသည့်အတွက် လက်ပိုက်ကြည့်နေရကြောင်း ခင်မွန်ဒေသခံ တစ်ဦးက ပြောသည်။

“ စစ်ကြောင်း၀င်ပြီဆိုရင် ကိုယ်လွတ်ပြေးကြရတယ်။ ကျွန်တော်တို့ ထွက်ပြေးတဲ့အချိန် ရိတ်သိမ်းပြီး နေလှမ်းထားတဲ့ ကောက်ပဲသီးနှံတွေဆိုရင် အဲ့ခွေးတွေက မီးရှို့ခဲ့တယ်။ အတော်ကို ယုတ်ပဲ့တဲ့အဖွဲ့အစည်း” ဟု ပြောသည်။

စစ်ကောင်စီ တပ်များသည် မြန်မာနိုင်ငံအနှံ့တွင် ယခုကဲ့သို့ ဖြစ်စဉ်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ပြည်သူပိုင် တိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်စားသောက်ခြင်း၊ အဖိုးတန်ပစ္စည်းများကို ခိုးယူရောင်းချခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ- မျိုးထက်လှသော်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လယ်သမား #စပါး #လုယက်ရိတ်သိမ်း