အစ္စရေး-ဟားမစ်စစ်ပွဲ (၄၈)ရက် အကြာတွင် ပထမဆုံးအကြိမ်အဖြစ် နှစ်ဘက် လေးရက်ကြာ အပစ်ခတ်ရပ်စဲ

Author လင်းနွေဦး
Categories
Published on Nov 24, 2023

အောက်တိုဘာလ (၇)ရက်နေ့မှ စတင်သော အစ္စရေး-ဟားမစ် စစ်ပွဲအား ရက်ပေါင်း(၄၈) ရက်ကြာမြင့်ပြီးနောက် ယမန်နေ့ နိုဝင်ဘာ (၂၄)ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် နှစ်ဘက် စတင် အပစ်အခတ်ရပ်စဲခဲ့ကြောင်း BBC မှ ဖော်ပြသည်။

 

နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာမှ ဝိုင်းဝန်းညှိနှိုင်းပေးခဲ့ရပြီး အဓိကအားဖြင့် ကာတာ နိုင်ငံ၏ ညှိနှိုင်းပေးမှုကြောင့် ယခုကဲ့ သို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။

 

ညှိနှိုင်းမှုအတွင်း ရရှိသော နှစ်ဘက် သဘောတူညီမှုများမှာ ဟားမစ်အုပ်စုဘက်မှ နိုဝင်ဘာ (၇) ရက်နေ့တွင် ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့သည့် အစ္စရေးပြည်သူ (၂၄၀) ခန့်အနက်မှ တစ်ရက်လျှင် (၁၂)ယောက်နှုန်းဖြင့် လေးရက်တာအတွင်း အများဆုံး အယောက်(၅၀) အထိ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

အပြန်အလှန်အနေဖြင့် အစ္စရေးဘက်မှလည်း ဖမ်းဆီးထားသော ပါလက်စတိုင်း အကျဉ်းသား (၁၅၀)ခန့် အား လွှတ်ပေးရမည် ဖြစ်ကာ အကယ်၍ ဟားမစ်စစ်အုပ်စုဘက်မှ တစ်ရက်လျှင် ဓားစာခံ ၁၀ ဦး ထပ်မံလွှတ်ပေးပါက အပစ်ခတ်ရပ်စဲသည့်နေ့များ ထပ်မံတိုးလာမည်ဖြစ်သည်။

 

အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်မှ “ဒါဟာ ခေတ္တ သဘောသာဖြစ်ပြီး ပြန်လည် စတင်တဲ့အခါ အစ္စရေးအနေနဲ့ သူတို့ ရဲ့ရည်မှန်းချက်ကို အရယူသွားမှာပါ” ဟု BBC သို့ပြောကြားခဲ့သည်။

 

သဘောတူညီမှုအတွင်း နိုင်ငံတကာ၏ ဝင်ရောက်ဖြောင်းဖြမှုကြောင့် ဂါဇာ မြို့တွင်းသို့ လူသားချင်းစာနာထောက်ထားရေး အထောက်အပံ့များ ပို့ဆောင်ခွင့်နှင့် ကုသရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် စက်သုံးဆီများလည်းထပ်မံ ထည့်သွင်းပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အထောက်အပံ့များအဖြစ် အခြေခံစားသောက်ကုန်များဖြစ်သော အစားအစားများနှင့် ရေများတင်ဆောင်ထားသော ထရပ်လော်လီ ကား အစီး (၂၀၀) ၊ ဒီဇယ် လီတာပေါင်း (၁၃၀,၀၀၀)နှင့်အတူ ချက်ပြုတ်ရေးအတွက် အသုံးပြုနိုင်မည့် ဂတ်စ်အိုးများ အပြည့်တင်ထားသော ကားကြီး လေးစီး တို့အား အီဂျစ်နိုင်ငံမှ တဆင့် ရာဖာဂိတ်အား ဖြတ်၍ ပို့ဆောင်မည့်အကြောင်း သဘောတူညီမှုတွင် ပါဝင်သည်။

 

သို့ရာတွင် အစ္စရေးမှ စက်သုံးဆီများ ပို့ဆောင်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်လျက်ရှိပြီး အစ္စရေးစစ်ဘက်မှ “ဟားမစ်တို့အနေနဲ့ ဒီဆီတွေကို ကြားဖြတ်ရယူပြီး သူတို့စစ်ဘက်ရေးရာတွေ မှ သုံးမှာ”ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သဖြင့် အီဂျစ် နှင့် ကာတာနိုင်ငံများဘက်မှ ဟားမစ်တို့ထံ စက်သုံးဆီများ မရောက်ရှိစေရန် အာမခံနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

ဓားစာခံများနှင့် ပတ်သက်၍မူ ဟားမစ်တို့ဘက်မှ ပထမနေ့တွင် အစ္စရေးဓားစာခံ (၁၃)ယောက်ခန့်အား ပြန်လွှတ်ပေးမည်ဖြစ်ကာ အစ္စရေးဘက်မှလည်း ဓားစာခံများ ပြန်လည်ရရှိသည်နှင့် တစ်ပြိုင်နက် ပါလက်စတိုင်း အကျဉ်းသား (၃၉)ဦးအား ပြန်လည်လွှတ်ပေးမည် ဖြစ်ကြောင်းသိရသည်။

 

ပါလက်စတိုင်းပြည်သူ အချို့မှာ လည်း ယမန်နေ့တွင် စတင်ရပ်စဲသော လေးရက်တာ ပစ်ခတ်ရပ်စဲမှုကြောင့် နေအိမ်များသို့ ပြန်လည်သွားရောက်ခဲ့ကြသလို အစ္စရေးစစ်သားများမှလည်း နေ့စဉ်ရက်ဆက် တိုက်ပွဲ ဝင်နေရမှုကြောင့် ပင်ပန်းမှုများ မှ အနားယူနိုင်သဖြင့် ပျော်ရွင်နေကြကြောင်း BBC မှဖော်ပြသည်။

 

အောက်တိုဘာ(၇) ရက်မှ စတင်သော အစ္စရေး-ဟားမစ် အရေးကြောင့် အစ္စရေးဘက်မှ ပြည်သူ (၁၄၀၀)ကျော် သေဆုံးခဲ့ရပြီး ပါလက်စတိုင်း ဘက်မှ ပြည်သူ (၁၄၀၀၀)ကျော် သေဆုံးခဲ့သည့် အနက် (၅၄၀၀)ကျော်မှာ ကလေးသူငယ်များ ဖြစ်ကာ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ် အဆောက်အဦးများမှာမူ မရေမတွက်နိုင်အောင် များပြားခဲ့ရသည်။

 

ဓာတ်ပုံ – BBC