အစ္စရေး – ပါလက်စတိုင်း ပဋိပက္ခ တစ်ပတ်အပြည့်မှာ ဘာထူးလဲ ?

Published on Oct 15, 2023

အောက်တိုဘာ ၇ ရက်နေ့က စတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အင်အားစုနှစ်ခု အပြင်းအထန်ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခဟာ အချိန်ကာလ တစ်ပတ်တာကို ကျော်လွန်ခဲ့ပါပြီ။

ပဋိပက္ခကို အစတင်ခဲ့တဲ့ ဂါဇာ ဟားမက်စ်တို့ကလဲ သူသေကိုယ်သေ အကြိတ်အနယ် ထိုးစစ်စင် တိုက်ခိုက်လျက်ရှိသလို အစ္စရေးတို့ဘက်ကလဲ ကမ္ဘာ့ထိပ်တန်းအဆင့်ရှိတဲ့ လေတပ်ကို သုံးပြီး ဂါဇာပစ်မှတ်တွေကို စိစိညက်ညက်ကျေအောင် ချေမှုန်းနေသလို မြေပြင်ကနေပါ တန်ပြန်ထိုးစစ်ဆင်ဖို့ စိုင်းပြင်းနေပါတယ်။

တစ်ပတ်တာ ကာလအတွင်းမှာ အသေအပျောက် ဘယ်လောက်ရှိပြီလဲ။

အောက်တိုဘာလ ၁၄ ရက်၊ ည ၉ နာရီအထိ နောက်ဆုံးထား ရရှိထားတဲ့ နိုင်ငံတကာသတင်းဌာနတွေက သတင်းတင်ပြချက်တွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ စစ်ရေးစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွေက ရရှိထားတဲ့ အချက်အလက်တွေကို တင်ပြပေးချင်ပါတယ်။

ဟားမက်စ်တို့ တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က သေဆုံးမှု စုစုပေါင်း ၁၃၀၀ ကျော်လာပါပြီ။ ထိခိုက်ဒဏ်ရာရရှိထားမှု အရေအတွက်က ၃၀၀၀ ကျော်ပါ။ အမျိုးသမီးနဲ့ ကလေးသေဆုံးမှု အရေအတွက်ကိုတော့ ဖော်ပြနိုင်ခြင်း မရှိသေးပါဘူး။

အစ္စရေးရဲ့ ဂါဇာကို လေတပ်သုံး ဗုံးကျဲချေမှုန်းတာကြောင့် သေဆုံးမှု စုစုပေါင်း ၂၃၀၀ နား ကပ်လာပါပြီ။ ထိခိုက်ဒဏ်ရာ ရရှိမှုက ၉၀၀၀ နီးပါးပါ။ ဂါဇာ ဗုံးကျဲမှုတွေမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၇၀၀ ကျော်သေဆုံးထားပြီး ၂၅၀၀ ခန့် ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ UNICEF က ဆိုထားပါတယ်။

တစ်ပတ်တာ ကာလကို ရောက်နေပြီ ဖြစ်တဲ့ နှစ်ဖက် ပဋိပက္ခအတွင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ကြက်ခြေနီတွေ၊ သတင်းထောက်တွေ၊ မီးသတ်သမားတွေ၊ ဒေသဆိုင်ရာ ကူညီကယ်ဆယ်ရေးသမားတွေ သေဆုံးမှု ပမာဏ အမြောက်အများရှိနေပါတယ်။ ဂါဇာကို ဗုံးကျဲတုန်းက ဆေးဘက်ဆိုင်ရာ ကူညီကယ်ဆယ်သူ အယောက် ၃၀ နီးပါး သေဆုံးခဲ့ပြီး ဆေးကုသရေး စင်တာတွေ စိစိညက်ညက်ကျေခဲ့တာအပေါ် ပါလက်စတိုင်းအစိုးရက အစ္စရေးကို တာဝန်ရှိတယ်လို့ ယတိပြတ်ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ တစ်ရက်က အစ္စရေးတို့ကနေပြီး ဂါဇာအပါအဝင် မြောက်ပိုင်းမှာရှိတဲ့ ဒေသခံ တစ်သန်းကျော် တွေကို ၂၄ နာရီအတွင်း ထွက်ခွာဖို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ညကပဲ ဒီ သတ်မှတ်ချိန် ပြီးဆုံးသွားပါပြီ။ ဒီအကြောင်းကို CJ Platform က ဒီမှာ ဖော်ပြဖူးပါတယ်။

– https://www.facebook.com/cjplatformburma/posts/pfbid0mbzFiWkrtpbR2BKbdg6WbkVsnipraHGHtjFZzQc4EVyDXwnuihVVu3TGnDVAYUAql

ပါလက်စတိုင်းတွေ အစ္စရေး ပစ်မှတ် ဂါဇာကနေ အုံနဲ့ ကျင်းနဲ့ ထွက်ခွာနေကြပြီး တောင်ဘက်ပိုင်းက နယ်စပ်က တဆင့် အီဂျစ်ထဲ ခိုလှုံဖို့ လာတဲ့ စစ်ဘေးဒုက္ခသည်တွေကိုတော့ အီဂျစ်ဘက်က ပိတ်ပင်တားဆီးထားတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။ စစ်ဘေးဒုက္ခသည်တွေက စားဝတ်နေရေးနဲ့ သောက်ရေ အခက်အခဲ ကြီးကြီးမားမားရှိနေပြီး ဒေသနယ်မြေအတော်များများ ဗုံးဒဏ်သင့်ထားတာကြောင့် ခိုလှုံစရာနေရာ ကင်းမဲ့နေကြပါတယ်။ ဟားမက်စ်တို့ကတော့ ဒေသခံတွေကို မိမိနေထိုင်ရာ နယ်မြေအတွင်းမှာပဲ အကာအကွယ် ယူ ဆက်လက်နေထိုင်ဖို့ ပြောထားပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကတော့ ဒီလိုအချိန်ခဏအတွင်းမှာ ဘေးလွတ်ရာကို စွန့်ခွာထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောထားပြီး ဒီအတိုင်းဆက်သွားရင် လူ့အခွင့်အရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုတွေ ပိုလို့ များလာနိုင်တယ်လို့ ဆိုပါတယ်။

အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြှောင်ဒေသမှာ တန်ပြန်နှိမ်နှင်းတဲ့ စစ်ဆင်ရေးတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေပြီး ဒီဒေသ နယ်စပ်ကို ဖြတ်ကျော်လာတဲ့ ဘယ်သူ့ကိုမဆို ပစ်မယ်လို့ အတိအလင်း ပြောကြားထားပါတယ်။ ဟားမက်စ်တွေက ဖမ်းဆီးထားတဲ့ ဓားစာခံတွေကိုလဲ ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေပြီး ကမ်းမြှောင်တလျှောက် လေကြောင်းတိုက်ခိုက်မှုတွေကိုလဲ အဆက်မပြတ် ပြုလုပ်နေပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ပြီးခဲ့တဲ့ ညက ထုတ်ပြန်ချက်အရ အစ္စရေးအင်အားစုတွေဟာ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်း ရှိသမျှကနေ ထိုးစစ်ဆင် တိုက်ခိုက်ချေမှုန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂါဇာနယ်စပ်မှာ အရံအင်အား သုံးသိန်းခန့်ကို စုစည်းထားပြီ ဖြစ်ပြီး လိုအပ်တဲ့ တိုက်ခိုက်ရေးပစ္စည်းတွေကို သက်ဆိုင်ရာနေရာတွေမှာ ဖြန့်ကျက်ထားပြီလို့ ဆိုပါတယ်။ နောက် တပ်ရင်းတွေကိုလဲ နယ်မြေအနှံ့ မဟာဗျူဟာကျကျ နေရာချထားပြီးပြီလို့ သိရတာပါ။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခက နယ်မြေ တစတစ ကျယ်ပြန့်လာနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အစ္စရေးက လက်ဘနွန်နဲ့ ဆီးရီးယားက ဟားမက်စ်တို့နဲ့ ဆက်စပ် ပတ်သက်နေတဲ့ ပစ်မှတ် ကို လေယာဉ်/ဒရုန်းသုံး ဗုံးကျဲတာတွေနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ သက်ဆိုင်ရာ နိုင်ငံရဲ့ ဒေသခံတွေ သေဆုံးမှုလဲ ရှိနေပါတယ်။ လက်ဘနွန်က ဟားမက်စ်တို့ အဆက် ဟစ်စ်ဘိုလာတို့ကို တိုက်ခိုက်တုန်းက ရိုက်တာ သတင်းဌာနက သတင်းထောက်တစ်ဦး သေဆုံးခဲ့ပါတယ်။ အစ္စရေးက ပစ်လွှတ်တဲ့ ဒုံးကျည် ဆီးရီးယား ဒမားစကပ်လေဆိပ်ကို ထိမှန်တဲ့ သတင်းကိုတော့ CJ Platform က ဒီမှာဖော်ပြဖူးပါတယ်။

– https://www.facebook.com/cjplatformburma/posts/pfbid02s5ngD48s1vE5LEMNycvsLDpHKVNWrBrSFpd9Q67KDis3ChX18rurzf5brfgD3JNjl

ဒီအရေးအခင်းအပေါ် နိုင်ငံတကာကလဲ ပထမဦးစားပေးအနေနဲ့ စောင့်ကြည့်လေ့လာတာတွေ၊ ပါဝင်ပတ်သက်မှုတွေနဲ့ တုံ့ပြန်မှုတွေ ရှိနေပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ အမေရိကန် အမျိုးသား လုံခြုံရေး တာဝန်ရှိသူတွေက ကုလနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ရုရှားနိုင်ငံကတော့ နှစ်ဖက် အပစ်အခတ်ရပ်စဲရေးအတွက် ရည်ရွယ်ပြီး ကုလလုံခြုံရေးကောင်စီအတွင်းမှာ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ကျန်နိုင်ငံတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဟားမက်စ်ကတော့ အစ္စရေးရဲ့ ကျူးကျော်မှုကို ရပ်တန့်ဖို့ ရုရှားရဲ့ ကြိုးပမ်းချက်ကို ကျေးဇူးတင်တယ်လို့ ပြောထားပါတယ်။

Related News

Depend on news