အစ္စရေး-ဂါဇာ စစ်ပွဲအကြောင်းပြောတဲ့ ပြင်သစ်ကလပ်ဘောလုံးသမား ခုနစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

Author အဂ္ဂ
Categories
Published on Oct 26, 2023

ပြင်သစ်ဘောလုံးအသင်းအဖွဲ့ချုပ်( Ligue de Football Professionnel(LFP)ဟာ ပြင်သစ်လီဂူးဝမ်းက Nice(နိုက်စ်)အသင်းရဲ့ နောက်ခံလူ Youcef Atal ကို လူမှုကွန်ရက်ပေါ်မှာ အစ္စရေး-ဂါဇာ စစ်ပွဲနဲ့စပ်လျဉ်းတဲ့ ပို့စ်တင်ခဲ့တဲ့အတွက် ခုနစ်ပွဲပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ The Athletic ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

Atal ဟာ ဂျူးလူမျိုးတွေကို စော်ကားပြောဆိုပြီး အကြီးအကျယ်ပြစ်တင်ဝေဖန်ထားတဲ့ ဗီဒီယိုကို အောက်တိုဘာလထဲမှာပဲ လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာပါ။

 

အသက် (၂၇) နှစ်အရွယ်ကစားသမားက အဆိုပါ ဗီဒီယိုကို အလျင်အမြန်ပဲ ဖျက်ပစ်ခဲ့သလို ပို့စ်တင်ခဲ့မိတဲ့အတွက်လည်း တောင်းပန်စကားဆိုခဲ့ပါသေးတယ်။

 

အမျိုးသားကျင့်ဝတ်ကောင်စီ(the National Ethics Council)ထံကနေ အမှုကို လွှဲပြောင်းလက်ခံရပြီးတဲ့နောက်   LFP ရဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီကနေပြီး  အောက်တိုဘာ (၃၁) ရက်နေ့ကနေ စတင်အသက်ဝင်မယ့် ခုနစ်ပွဲပယ်ပြစ်ဒဏ်ကို ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ဒီလအစောပိုင်းက တင်ခဲ့တဲ့ Atal ရဲ့ပို့စ်နဲ့ပတ်သက်ပြီး နိုက်စ်ရဲ့ အစိုးရရှေ့နေတရားရုံးကလည်း “အကြမ်းဖက်ဝါဒကို အားပေးချီးမြှောက်ခြင်းနဲ့ သက်ဆိုင်ရာဘာသာတရားတစ်ခုကြောင့် အကြမ်းဖက်မှုတွေ၊ အမုန်းတရားတွေက လူထုကြားထဲ လှုံ့ဆော်မှုတွေအဖြစ် ပျံ့နှံ့စေတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး အကြိုစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်” လို့ ပြောခဲ့ပါတယ်။

 

နိုက်စ်အသင်းကတော့ သူတို့ရဲ့ နောက်ခံလူကို အောက်တိုဘာ (၁၈) ရက်နေ့ကတည်းက ကစားခွင့်ကို ဆိုင်းငံ့ထားခဲ့ပြီး အယ်လ်ဂျီးရီးယားနိုင်ငံအသင်းရဲ့ ကစားပွဲတွေကနေ ပြန်ရောက်ရောက်လာချင်းမှာပဲ ကစားသမားဖြစ်သူနဲ့လည်း စကားတွေပြောဆိုထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

 

“နိုက်စ်အသင်းအနေနဲ့ကတော့ ကစားသမားဟာ သူရဲ့လူသိရှင်ကြားမျှ‌ဝေခဲ့မှုကို အမြန်ဆုံးပြန်ရုတ်သိမ်းခဲ့ပြီး လူသိရှင်ကြားတောင်းပန်စာရေးခဲ့တဲ့အတွက် သူ့ရဲ့အမှားကို ဝန်ခံခဲ့ပြီးဖြစ်တယ်လို့ နားလည်ထားပါတယ်” လို့ လီဂူဝမ်းကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ဘယ်လိုပဲဖြစ်ဖြစ်၊ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တယ်ဆိုတဲ့အချက်ရယ်၊ သူ့ရဲ့နောက်ဆက်တွဲအကျိုးဆက်က ပြင်းထန်တာရယ်ကြောင့် အားကစားနဲ့ ဥပဒေကြောင်းဆိုင်ရာ အာဏာပိုင်တွေက ဘာအရေးယူမှုမှ မပြုလုပ်ရသေးခင်မှာပဲ  ကလပ်အသင်းဘက်ကနေ ကစားသမားကို စည်းကမ်းပိုင်ဆိုင်ရာအရ ချက်ချင်းအရေးယူဖို့ ဆုံးဖြတ်ထားပြီးပါပြီ” လို့ ထပ်ပြီးဖော်ပြထားပါတယ်။

 

Atal ရဲ့ အင်စတာဂရမ်က တောင်းပန်စာမှာတော့ “ကျွန်တော် တင်လိုက်တဲ့ ပို့စ်ကြောင့် လူတော်တော်များများ စိတ်မချမ်းမသာဖြစ်သွားရတယ်ဆိုတာ ကျွန်တော် နားလည်သဘောပေါက်ပါတယ်။ ကျွန်တော် အဲဒီလိုမျိုးဖြစ်စေဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်” ဆိုပြီး ရေးခဲ့ပါတယ်။

 

“ကျွန်တော်ရဲ့ အမြင်ကို ဘာမှဒွိဟဖြစ်မနေစေဘဲ ရှင်းရှင်းလင်းလင်းသိစေလိုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အကြမ်းဖက်မှုပုံစံမျိုးကိုမဆို ကျွန်တော်ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်ပါတယ်။ နောက်ပြီး အကြမ်းဖက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေကိုလည်း အမြဲထောက်ခံအားပေးနေမှာပါ။ အမုန်းစကားတွေကို ကျွန်တော်ဘယ်တော့မှ ထောက်ခံအားပေးမှာမဟုတ်ပါဘူး၊ ငြိမ်းချမ်းခြင်းကသာ ကျွန်တော်လေးလေးနက်နက်ယုံကြည်လက်ခံထားတဲ့ အကြိုက်ဆုံးအရာဖြစ်ပါတယ်” လို့ ဆက်ပြီးရေးထားပါတယ်။

 

လက်ရှိ ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းမှာကစား‌နေတဲ့ အယ်လ်ဂျီးရီးယားနွယ်ဖွား ပြင်သစ်နိုင်ငံသား ကာရင် ဘန်ဇီမာဟာလည်း အစ္စရေး-ပါလက်စတိုင်းစစ်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့ X(ယခင်တွစ်တာ)လူမှုကွန်ရက်ကနေ ပါလက်စတိုင်းဘက်က ထောက်ခံကြောင်း ပြောဆိုထားပါတယ်။

 

” ကျွန်ုပ်တို့အားလုံးဆုတောင်းပေးမှုတွေဟာ ကလေး၊ မိန်းမ မရွေးဘဲ မတရား ဗုံးခွဲတိုက်ခိုက်မှုတွေရဲ့နောက်တစ်ကြိမ်သားကောင်များဖြစ်နေရတဲ့ ဂါဇာမြို့သူမြို့သားတွေအတွက် ဖြစ်ပါတယ်” လို့ ကာရင် ဘန်ဇီမာက ပြောဆိုခဲ့တာပါ။

 

လိုင်ယွန်နဲ့ ရီးရဲလ် တိုက်စစ်မှူးဟောင်းကို စစ်သွေးကြွအုပ်စုတစ်ခုဖြစ်တဲ့ Brotherhood နဲ့ ချိတ်ဆက်မှုရှိနေတဲ့အတွက် အရေးယူသင့်တယ်လို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီး Gerald Darmanin(ဂရယ် ဒါမာနင်)က စွပ်စွဲပြောဆိုထားပါသေးတယ်။

 

ဝန်ကြီးရဲ့စွပ်စွဲမှုကို ဘန်ဇီမာရဲ့ရှေ့နေတွေက အပြင်းအထန်ပယ်ချထားပြီး ချိတ်ဆက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Related News

Depend on news