အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုက ဆေးရုံကိုထိမှန်ခဲ့လို့ လူရာနှင့်ချီသေဆုံးခဲ့ရတယ်လို့ ဟားမက်စ် ကျန်းမာရေးဝန်ကြီးဌာနပြော

Author အဂ္ဂ
Categories
Published on Oct 18, 2023

ဟားမက်စ်အဖွဲ့က ဦးစီးနေတဲ့ ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ (အောက်တိုဘာ ၁၇) မှာ တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုဟာ ဒဏ်ရာရသူတွေနဲ့ ခိုလှုံနေသူတွေ ပြည့်ကျပ်နေတဲ့ ဆေးရုံတစ်ခုကို တိုက်ရိုက်ထိမှန်ခဲ့တဲ့အတွက် လူပေါင်းရာနဲ့ချီ သေဆုံးခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

အကယ်၍ ဒီသတင်းကိုသာ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ၂၀၀၈ ခုနှစ်ကနေ စတင်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်းစစ် ငါးကြိမ်အတွင်းမှာ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအများဆုံး သေဆုံးရတဲ့ တိုက်ခိုက်မှုတစ်ခု ဖြစ်လာမှာပါ။

ဟားမက်စ်အဖွဲ့ဦးစီးနေတဲ့ ကျန်းမာရေးဝန်ကြီးဌာန ပြောကြားချက်အရဆိုရင် အခု တိုက်ခိုက်ခံရမှုကြောင့် လူပေါင်း (၅၀၀) လောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့်မျှဝေနေကြတဲ့ al-Ahli (အယ်အာလီ) ဆေးရုံရဲ့ ဓာတ်ပုံတွေမှာတော့ မီးလောင်နေတဲ့ အဆောက်အဦးတွေ၊ အပျက်အစီးတွေပြန့်ကြဲနေတာတွေနဲ့ အပျက်အစီးတွေကြားထဲမှာ ရုပ်အလောင်းတွေ ဟိုတစ်စ ဒီတစ်စ ပြန့်ကြဲနေတာတွေကိုပါ တွေ့ရပါတယ်။ အဲ့ဒီဓာတ်ပုံတွေကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
မြို့နေလူထုအားလုံး ဂါဇာကမ်းမြောင်တောင်ဘက်ပိုင်းကို ရွှေ့ပြောင်းပေးရမယ်လို့ အစ္စရေးက အမိန့်ထုတ်လိုက်ပြီးတဲ့နောက်ပိုင်း ရာနဲ့ချီတဲ့သူတွေဟာ ဗုံးကြဲခံရခြင်းကနေ လွတ်နိုင်မယ်လို့ မျှော်လင့်ရတဲ့ ဂါဇာမြို့တော်က ဆေးရုံတွေမှာ သွားပြီးခိုလှုံနေကြတာပါ။

ပြီးခဲ့တဲ့အပတ်က အစ္စရေးနိုင်ငံသား (၁၄၀၀) ကျော် သေဆုံး‌စေခဲ့တဲ့ တိုက်ခိုက်မှုနဲ့ လက်ရှိနောက်ဆုံးစစ်ပွဲကို စတင်ခဲ့တဲ့ ဟားမက်စ်တွေကတော့ အင်္ဂါနေ့က ဆေးရုံကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အပေါ် “ကြောက်မက်ဖွယ်ကောင်းတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပါပဲ” လို့ပြောခဲ့ပါတယ်။ သေဆုံးဒဏ်ရာရတဲ့သူအများစုက အိုးမဲ့အိမ်မဲ့မိသားစု‌တွေ၊ လူနာတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြတယ်လို့ ဟားမက်စ်အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသေးတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Daniel Hagari (ဒန်နီရယ် ဟာဂါရီ) က ဆေးရုံမှာဖြစ်ခဲ့တဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး “အသေးစိတ်အချက်အလက်တွေကို ပြည်သူတွေသိအောင် အချိန်နဲ့တပြေးညီ ထုတ်ပြန်သွားမှာပါ။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု ဟုတ်မဟုတ်တော့ မပြောနိုင်ပါဘူး” လို့ အခုအချိန်ထိ အသေးစိတ်အချက်အလက်များကို မသိရှိရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

ဂါဇာကမ်း‌မြောင်တောင်ပိုင်းမှာလည်း အစ္စရေးတို့ရဲ့ အင်္ဂါနေ့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ အရပ်သားပြည်သူတွေသေဆုံးခဲ့ရသလို ဟားမက်စ်တို့ရဲ့ အကြီးတန်းအရာရှိ အနည်းဆုံးတစ်ဦးပါ သေဆုံးခဲ့တယ်လို့သိရပါတယ်။ အမေရိကန်အရာရှိတွေက အစ္စရေးတို့ရဲ့ ဝိုင်းရံပိတ်ဆို့မှုက ရက်အတန်ကြာတဲ့အထိ ပြန်ဖွင့်ပေးဖို့ မျှော်လင့်ချက်နည်းလာတဲ့အတွက် စိုးရိမ်စရာကောင်းနေတဲ့ အရပ်သားပြည်သူတွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဆေးရုံတွေဆီကို အထောက်အပံ့အကူအညီတွေ ပေးခွင့်ပြုဖို့ အစ္စရေးကို စည်းရုံးသိမ်းသွင်းလျက်လည်းရှိပါတယ်။

Related News

Depend on news